လက်ရှိမှာ Free Agent အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်လို့နေတဲ့ ဝါရင့်ဘရာဇီးလ် နောက်ခံအစွန်လူကြီး ဒန်နီအဲလ်ဗတ်က ဘောလုံးသမားဘဝကနေ အနားမယူသေးခင် သူရဲ့အသင်းဟောင်း တစ်သင်းဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ကစားချင်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့ ကစားသမားဟောင်းကြီးကို အသင်းဆီ နောက်တစ်ကြိမ် ပြန်လည်ခေါ်ဆောင်သွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၃၈)နှစ်အရွှယ်ရှိ ဝါရင့်ညာနောက်ခံကစားသမားကြီး အဲလ်ဗတ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၈ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ အချိန်အတန်ကြာ ကျင်လည်ခဲ့သူဖြစ်ပြီး အဲ့ဒီကမှတစ်ဆင့် ဂျုဗင်တပ်စ် ပီအက်စ်ဂျီအသင်းတွေအပြင် နောက်ဆုံးမှာ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းတွေဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗက်ဟာ ဆော်ပေါ်လိုအသင်းနဲ့ လက်တွဲဖြုတ်ပြီးတဲ့နောက်မှာ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပြီး သူ့အနေနဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို ပြန်သွားချင်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Photo Credit : FotMob

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းကို ရလဒ်ဆိုးတွေအောက်ကနေ လွတ်မြောက်အောင် မစွမ်းဆောင်ထားနိုင်ခဲ့တဲ့ နည်းပြရော်နယ်ကိုးမန်းနဲ့ လက်တွဲဖြုတ်ထားခဲ့ပြီး သူရဲ့နေရာမှာ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဇာဗီဟာနန်ဒက်ဇ်နဲ့ ပြန်လည်အစားထိုးတာ ဖြစ်ပါတယ်။ နည်းပြသစ်ဇာဗီအနေနဲ့ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် အစီအစဉ်ရှိနေပြီး သူရဲ့အသင်းဖော်ဟောင်း အဲလ်ဗက်ကိုလည်း ရေတိုစီမံကိန်းအနေနဲ့ အသင်းဆီ ခေါ်ဆောင်ချင်ပေမယ့်လည်း အသင်းရဲ့ ဥက္ကဌလာပေါ်တာအပါအဝင် အသင်းဒါရိုက်တာတွေက အဲလ်ဗက်လို ဝါရင့်ကစားသမားတစ်ဦးကို ခေါ်ယူဖို့အတွက် ဆန္ဒမရှိ ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ဘာစီလိုနာနည်းပြ ဇာဗီအနေနဲ့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ဆောင်းစျေးကွက်အတွင်း ယူရို(၁၀)သန်းဝန်းကျင်လောက်သာ သုံးစွဲရဖွယ် ရှိနေရတာကြောင့် အသင်းအတွက် အမှန်တကယ် လိုအပ်တဲ့ နေရာဖြစ်တဲ့ တိုက်စစ်ပိုင်းကိုသာ ဦးစားပေး ပြင်ဆင်ရဖွယ် ရှိလို့နေပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာဗာနီ စတာလင်နဲ့ ဗာနာတို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။