စပိန်အင်အားကြီး ကလပ်အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို စာချုပ် ဖျက်သိမ်းကြေး ယူရို ၇၀၀ သန်း ရရှိမှသာ ရောင်းချသွားမှာ ဖြစ်တယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ သိရှိရပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ထားသူ ဖြစ်ပြီး အသင်းကနေ သူ့ကို ထွက်ခွာခွင့် ပြုဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထံ တရားဝင် တောင်းဆိုထားပါတယ်။

Photo Credit: Marca

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးဖို့ နီးကပ်နေတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လ အကုန် မှာတော့ ဘာစီလိုနာအသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ အသင်းကနေ ယခုနှစ် နွေစျေးကွက် အတွင်းမှာပဲ ထွက်ခွာချင်နေပြီး သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် မပေးရင်တောင် သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့အတွက် ဆရာဟောင်း ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ အသင်းဖော်ဟောင်း နေမာရှိတဲ့ ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးဟာ မက်ဆီအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်း ဝန်းကျင် သုံးစွဲဖို့ အဆင့်သင့် ဖြစ်နေကြပါတယ်။

Photo Credit: Marca

ဒါပေမယ့် စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Marca ရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေစျေးကွက် အတွင်းမှာ မက်ဆီကို လက်လွှတ်သွားဖို့ ဆန္ဒမရှိပဲ မက်ဆီကို ခေါ်ယူချင်တဲ့ အသင်းဟာ မက်ဆီရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၇၀၀ သန်းကို ပေးချေမှသာ မက်ဆီ ကို ခေါ်ယူခွင့်ရှိမယ် လို့ သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ဘာတိုမြူဟာလည်း မက်ဆီနဲ့ စကားပြောဆိုခဲ့ရာမှာ စာချုပ်သစ် အတွက် ဆွေးနွေးတာကလွဲရင် ဘယ်လို တောင်းဆိုမှုကိုမှ မလိုက်လျောဘူး လို့ ပြောဆိုခဲ့ကြောင်း Marca သတင်းဌာနက ဖော်ပြထားပါတယ်။ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ အတွက် ယတိပြတ် ဆုံးဖြတ်ထားတာကြောင့် ဘာစီလိုနာအသင်းက သူ့ကို အကျပ်ကိုင်နေရင် ဥပဒေ အတိုင်း ဖြေရှင်းပြီး အသင်းကနေ ထွက်ခွာမယ် လို့ သိရပါတယ်။