စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်း ကတော့ သူတို့အသင်းဟာ အနာဂတ်မှာ လက်ရှိ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီလို ကစားသမားမျိုးကို ထပ်မံ ပိုင်ဆိုင်ဖို့ မလွယ်ကူတော့ကြောင်း ဝန်ခံစကား ပြောကြား သွားခဲ့ပါတယ်။ လက်ရှိမှာ အသက်၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ အာဂျင်တီးနား နိုင်ငံကနေ ဥရောပတိုက်ဆီ ထွက်လာတဲ့ အချိန်မှ စတင်ပြီး ဘာစီလိုနာအသင်း တစ်သင်းထဲ အတွက်သာ ကစားပေးခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ပြိုင်ပွဲစုံမှာ ၇၄၆ပွဲ ပါဝင် ကစားပေးထားကာ ၆၄၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၈၂ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: AS English

ဒါ့ကြောင့် မက်ဆီရဲ့ ၇၄၆ပွဲ ပါဝင် ကစားထားပြီးချိန်မှာ ဂိုးပါဝင် ပတ်သတ်မှုနှုန်းဟာ ပျမ်းမျှ ၁.၂ဂိုးနှုန်း အထိ ရှိနေပြီး ဒါဟာ ကစားသမား တစ်ဦးအတွက် အတော်လေးကို မြင့်မားတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာ အသင်းရဲ့ ကစားသမား ဘဝမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ကို ၆ကြိမ်အထိ ရရှိခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်မှုကို ခံထားရပါတယ်။ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်း ကလည်း အသင်းအပေါ် မက်ဆီရဲ့ လွှမ်းမိုးမှုတွေဟာ အတော်ကြီးကြောင်း ဝန်ခံသွားခဲ့ပြီး ဘာစီလိုနာ အသင်းဟာ မက်ဆီလို ကစားသမားမျိုးကို အနာဂတ်မှာ ထပ်မံ ရရှိတော့မှာ မဟုတ်ဘူးလို့ ဆိုသွားပါတယ်။

Photo Credit: AS English

မက်ဆီရဲ့ ခြေစွမ်းကောင်းတွေနဲ့ ပတ်သတ်ပြီး ကိုးမန်းက “မက်ဆီရဲ့ အချက်အလက် မှတ်တမ်းတွေက အရမ်းကို ကောင်းနေပါတယ်။ ကျွန်တော်တို့ အသင်းဟာ သူ့လိုမျိုး အသင်းမှာ အကြာကြီး နေပြီး အသင်းအပေါ် အကျိုးသက်ရောက်မှု အများဆုံး ဖြစ်စေတဲ့ ကစားသမားမျိုးကို ထပ်ရဖို့ မလွယ်တော့ဘူး လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့ကြောင့်ပဲ သူက နံပါတ်တစ် ကစားသမား ဖြစ်နေတာပါ။ သူက ကျွန်တော်တို့ အတွက် အရမ်း အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်းကို လီဗန်တေးအသင်းနဲ့ ပွဲစဉ်မှာလည်း မြင်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်ပိုင်းဟာ လီယို(မက်ဆီ)အပေါ် အများကြီး မှီခို နေရပါတယ်။ သူ့ရဲ့ မှတ်တမ်းတွေက တကယ်ကို ကြီးမားလွန်းပါတယ်။ သူ့ရဲ့ ကစားသမားဘဝမှာ ဟက်ထရစ် ဘယ်နှကြိမ် သွင်းခဲ့လဲ ဆိုတာ ကျွန်တော် မမှတ်မိတော့ပါဘူး။ ပြီးတော့ ဒီအသင်းအတွက် သူ လုပ်ပေးခဲ့တဲ့ အရာတွေက မယုံကြည်နိုင်စရာ ကောင်းလွန်းတယ် လို့ ထပ်လောင်း ပြောပါရစေ” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။