စပိန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ရူဘီယာလက်ကတော့ လက်ရှိရာသီ ဘောလုံး ပြိုင်ပွဲ မပြီးရင် ဘာစီလိုနာအသင်းအနေနဲ့ အဆင့် (၁) နေရာ ရပေမဲ့ လာလီဂါ ဖလား ရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ လာလီဂါ ဘောလုံး ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရှေ့လာမယ့် ဧပြီလ ပထမအပတ် အထိ ရပ်နားထားပြီး လာလီဂါ ပွဲစဉ်တွေကိုလည်း ဆက်လက် မကစားနိုင်လျက် ရှိနေပါတယ်။ နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါ ပွဲစဉ် (၂၇) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၅၈) မှတ် ရရှိထားပြီး ရီးရဲလ်အသင်းနဲ့ (၂) မှတ်အကွာ ထိပ်ဆုံးမှာ ရပ်တည်လျက်ပါပဲ။

Photo Credit: As.com

ဘာစီလိုနာအသင်းဟာ လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၁) နေရာကို ရရှိထားတာကြောင့် လက်ရှိ ရာသီကို ဖျက်သိမ်းမယ် ဆိုရင် ဖလား ရသင့်ပါတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စပိန် ဘောလုံး အဖွဲ့ချုပ် (Spanish Federation President) ဥက္ကဌ လူးဝစ် ရူဘီယာလက်ကတော့ ကိုရိုနာ ဗိုင်းရပ်ကြောင့် ရာသီမပြီးရင် ဘယ်အသင်းကိုမှ ဖလား မပေးဘူးလို့ ပြောခဲ့ပါတယ်။ ရူဘီယာလက်က ဘောလုံး ပြိုင်ပွဲတွေကို ဇွန်လ (၃၀) ရက်နေ့ မတိုင်ခင် ပြီးအောင် ကစားဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပေမဲ့ မပြီးနိုင်လောက်ဘူးလို့ ထပ်လောင်း ပြောကြားသွားပါတယ်။

Photo Credit: As.com

စပိန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ရူဘီယာလက်က “ဘောလုံး ပြိုင်ပွဲတွေကို ဇွန်လ (၃၀) ရက် မတိုင်ခင် ပြီးအောင် ကစားရပါမယ်။ အသင်း အားလုံးက ပွဲစဉ် အားလုံးကို ကစားရပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ အဖွဲ့ (၅၅) ဖွဲ့က ဆွေးနွေးခဲ့ကြတာပါပဲ။ ကျွန်တော်တို့ အားလုံး သဘောတူမဲကို ပေးခဲ့ကြပါတယ်။ (၂၀၁၉-၂၀) ရာသီကလည်း ဒီစည်းမျဉ်းအတိုင်း ပြီးဆုံးရမယ်။ ခြွင်းချက် ဖြစ်လာရင်လည်း ပြောင်းလဲလို့ မရပါဘူး။ အခြားသူတွေ ပြောသလို ကျွန်တော် အနေနဲ့လည်း ဘောလုံး ပြိုင်ပွဲတွေကို ဇွန်လ (၃၀) ရက်နေ့ မတိုင်ခင် ပြီးအောင် ကစားနိုင်မယ်လို့ မပြောနိုင်ပါဘူး။ အခု လက်ရှိ အမှတ်ပေး ဇယား အတိုင်း ဘောလုံး ရာသီ ပြီးဆုံးသွားမယ် ဆိုရင် အသင်း တစ်သင်းသင်းကို ဆုဖလား ပေးဖို့ မမျှတပါဘူး”လို့ ပြောသွားတာ ဖြစ်ပါတယ်။