ဘာစီလိုနာအသင်းက နယူးကာဆယ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဘရူနို ဂွီမာရေ့စ်ကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ တောင်ပံကစားသမား ရာဖင်ဟာကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေ့စ်ဟာ လိုင်ယွန်ကနေ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာစဉ်ကနေ စတင်ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
Photo Credit : Newcastle United
နယူးကာဆယ်နဲ့ အတော်လေးကို တောက်ပနေတဲ့ ဂွီမာရေ့စ်ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပြီး ဒီထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ ကွင်းလယ်ခံစစ်နေရာ အဓိကထား ကစားနိုင်သူ ဂွီမာရေ့စ်က ဘရာဇီးလ်အသင်းမှာလည်း ပုံမှန် ကစားခွင့် ရရှိနေသူလည်း ဖြစ်ပါတယ်။
ဒီလို အသင်းများစွာ စိတ်ဝင်စားနေတဲ့ ဂွီမာရေ့စ်ကို သိပ်မကြာသေးခင်ကပဲ နယူးကာဆယ်အသင်းက ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပြီး စာချုပ်လျော်ကြေးကို ပေါင် သန်း(၁၀၀)ထိ သတ်မှတ်ထားခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီစာချုပ်ထဲမှာ ဂွီမာရေ့စ်က သူ့ကို ဘာစီလိုနာအသင်းသာ ကမ်းလှမ်းလာမယ်ဆိုရင် စာချုပ်လျော်ကြေးတန်ဖိုးထက် လျော့ချပေးရမယ်ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းထားတယ်ဆိုပြီး သတင်းထွက်လာခဲ့ပါသေးတယ်။
Photo Credit : Football365
ဂွီမာရေ့စ်ကိုယ်တိုင်ကတော့ ဒီကောလဟာလတွေကို ငြင်းဆိုလိုက်ပြီး ဒီလို သဘောတူညီချက်တွေ မရှိပါကြောင်း တုံ့ပြန်ထားပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာကတော့ ဂွီမာရေ့စ် ကစားအားကောင်းတဲ့ ကွင်းလယ်လူမျိုးကို အရ ခေါ်ယူချင်တာကြောင့် နယူးကာဆယ် ငြင်းဆန်ရခက်စေနိုင်မယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာဖို့ စီစဉ်နေပါတယ်။
ဘာစီလိုနာက နယူးကာဆယ်ဆီက ဂွီမာရေ့စ်ကို ရရှိဖို့အတွက် နယူးကာဆယ် အလိုရှိနေတဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ဟာကို ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချပြီး ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာကြောင့် ဒီကမ်းလှမ်းမှုအပေါ် နယူးကာဆယ် ဘယ်လို တုံ့ပြန်လာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေရပါတယ်။