ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုဟန် လာပေါ်တာက မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ ဂိုးသွင်းစက် တိုက်စစ်မှူး အာလင်း ဟာလန်းကို လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေထဲမှာ အရ ခေါ်ယူသွားနိုင်ဖို့အတွက် ဘာမဆို လုပ်ဆောင်သွားလိမ့်မယ်လို့ စပိန်အားကစား သတင်းစာ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

လာပေါ်တာက သူရဲ့ ဘာစီလိုနာအသင်းဆီကို ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖြည့်တင်းဖို့ စီစဉ်နေပြီး နူးကမ့်ကွင်းကြီး ပြင်ဆင်ပြီးဆုံးသွားချိန်မှာလည်း အသင်းအတွက် super mega signings တွေကို ဆက်တိုက် လုပ်ဆောင်သွားဖို့ပါ ပြင်ဆင်ထားပါတယ်။ ဒီထဲမှာ တိုက်စစ်မှူး ဟာလန်းလည်း ပါဝင်လို့နေပါတယ်။

Photo Credit : Gaol

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း လာမယ့် ၂၀၂၆ထဲမှာ သူတို့ရဲ့ အိမ်ကွင်း နူးကမ့်ကို ပြန်လည် ဖွင့်လှစ်သွားဖို့ ရှိနေရာ နူးကမ့်ကွင်းကြီး ဖွင့်ပွဲနဲ့အတူ သူတို့အသင်းရဲ့ အကြီးမားဆုံး ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်မယ့် ဟာလန်းကိုပါ မိတ်ဆက်ပွဲကိုလည်း တစ်ပါတည်း လုပ်ဆောင်သွားချင်နေပါတယ်။

၂၀၂၂ခုနှစ်ကမှ ဒေါ့မွန်ကနေ မန်စီးတီးဆီ ရောက်ရှိလာခဲ့တဲ့ ဟာလန်းက မန်စီးတီးမှာ တော်တော်လေးကို အောင်မြင်နေပြီးတော့ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် အက်ဖ်အေစတဲ့ ဖလားတွေ ရရှိခဲ့တဲ့အပြင် တစ်ဦးချင်းဆုတွေလည်း များစွာ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာသေးခင်က ဟာလန်းကို ရီးယဲလ်နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းထွက်ခဲ့သလို အဓိကတော့ ဘာစီလိုနာနဲ့ ပိုသတင်းထွက်ခဲ့ပါသေးတယ်။

Photo Credit : Youtube

ရီးယဲလ်က ကီလီယန် အမ်ဘာပေလို ကြယ်ပွင့်ကစားသမားတစ်ဦး အသင်းဆီ ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်လို့ ဟာလန်းကို ထပ်ပြီး ကြိုးပမ်းဖို့ထက် တခြား လိုအပ်တဲ့နေရာတွေအတွက်သာ ဖြည့်တင်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနိုင်ပေမယ့် ဘာစီလိုနာကတော့ လီဝန်ဒေါစကီးနေရာအတွက် ဟာလန်းနဲ့ တိုက်ရိုက် အစားထိုးဖို့ကို အတော်လေး စိတ်ဝင်စားနေပါတယ်။

ဒီလို အခြေအနေမှာ မန်စီးတီးကနေ နည်းပြ ဂွါဒီယိုလာကလည်း ထွက်ခွာသွားတော့မှာဖြစ်လို့ ဟာလန်းရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ပြီး ဟာလန်းအနေနဲ့ လာလီဂါ ကလပ်အသင်းတွေဆီ သွားရောက်ကစားချင်နေတယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာတာကြောင့် ဘာစီလိုနာ ဥက္ကဌ လာပေါ်တာကတော့ ဟာလန်းကို ရအောင် ခေါ်ယူနိုင်ဖို့ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။