ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့ ခံစစ်ကစားသမား ရော်နယ်လ် အာရူဟိုကို အသင်းကနေ ရောင်းထုတ်သွားဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀) ဝန်းကျင်လောက်အထိ အလိုရှိနေတယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် ဗဟိုခံစစ်ကစားသမား အာရူဟိုဟာ ၂၀၁၈ခုနှစ်ကမှ ဘော်စတွန် ရေးဗားဆိုတဲ့ ဥရုဂွေး ကလပ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး တစ်နှစ်အကြာမှာပဲ ဘာစီလိုနာအတွက် စတင် ပွဲကစားပေးခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : Barca Blaugranes

အခုဆိုရင်တော့ အာရူဟိုက ဘာစီလိုနာအသင်းရဲ့ခံစစ်ပိုင်းမှာ လုံးဝ အမာခံ ကစားသမားတစ်ဦးပါ ဖြစ်နေရပြီး အသင်းအတွက်ကိုလည်း လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ပွဲပေါင်း (၁၄၂)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ အာရူဟိုကို ကလပ်အသင်းတွေကပါ စိတ်ဝင်စားလာကြပါတယ်။

ဒီလို အခြေအနေမှာပဲ အာရူဟိုက နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ဒီအသင်းမှာသာ အမြဲတမ်း ရှိသွားချင်တယ်ဆိုတဲ့ စကားမျိုးထက် သူရဲ့အနာဂတ်က ကလပ်အသင်းအပေါ်မှာပဲ မူတည်တယ်လို့ ပြောဆိုတဲ့ စကားဟာ စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : BVM Sports

အာရူဟိုကို ဘိုင်ယန်မြူးနစ် အပါအဝင် ပရီးမီးယားလိဂ်က ထိပ်သီးကလပ်အသင်းတွေလည်း အရ ခေါ်ယူချင်နေကြပြီး ဘိုင်ယန်ဆိုရင် အာရူဟိုကို ပြီးခဲ့တဲ့ နွေဈေးကွက်နဲ့ ဆောင်းဈေးကွက် အပြောင်းအရွှေ့ ဈေးကွက် (၂)ခုလုံးမှာတင် ကြိုးပမ်းခဲ့ပါသေးတယ်။

အခုတော့ ESPN သတင်းထောက်ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေနဲ့ အာရူဟိုအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀) ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံ စဉ်းစားပေးသွားဖို့ ရှိနိုင်ပြီး ဒီအခြေအနေကိုလည်း ပရီးမီးယားလိဂ်က ထိပ်သီးကလပ်အသင်းကြီး တစ်သင်းက စောင့်ကြည့်နေသလို ကမ်းလှမ်းသွားဖို့လည်း အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။