MySport Myanmar

ကင်စလေ ကိုးမန်းကို အငှား+အပြီးသတ် ခေါ်ယူမှုတို့နဲ့ ခေါ်ယူလို့ ရနိုင်မယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုးမန်းကို ခေါ်ယူသွားဖို့အတွက် အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လို့နေတယ်လို့ သတင်းထွက်လာခဲ့ပြီး ဘိုင်ယန်ကလည်း သူတို့ကစားသမားကို အငှား + အပြီးသတ် ရောင်းချခွင့်တို့နဲ့ လက်လွတ်နိုင်တယ်လို့ သိရပါတယ်။

ဘာစီလိုနာက စပိန်အသင်းနဲ့အတူ ယူရို-၂၀၂၄မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ တောင်ပံကစားသမား နီကို ဝီလီယံစ်နဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဒါနီ အော်လ်မိုတို့ကို ခေါ်ယူသွားဖို့ လုပ်ဆောင်ထားခဲ့ပေမယ့် လက်ရှိမှာက အော်လ်မိုကိုသာ ခေါ်ယူနိုင်ခဲ့ပြီး နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ကတော့ ခက်ခဲလျက် ရှိနေရပါတယ်။

Photo Credit : Bavarian Football Works

ဒါကြောင့် ဘာစီလိုနာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ်က သူနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းမှာ အလုပ်တွဲခဲ့ဖူးတဲ့ ဘယ်တောင်ပံကစားသမား ကိုးမန်းကို နီကို ဝီလီယံစ်အစား ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့သလို ကိုးမန်းရဲ့ အေးဂျင့်ဖြစ်သူကလည်း သူ့ကစားသမားကို ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာအသင်းထံ ဆက်သွယ်ထားတယ်လို့ ဖလော်ရီယန် ပလက်တန်ဘတ်က သတင်းဖော်ပြထားခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံကစားသမား ကိုးမန်းဟာ ပီအက်စ်ဂျီ အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီးတော့ ကစားသမားဘဝတစ်လျှောက် ပီအက်စ်ဂျီ ဂျုဗင်တပ် ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ဒီအသင်းတွေနဲ့လည်း အမှတ်ပေးဖလားတွေကို ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : RMC Sports

ဘိုင်ယန်ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက (၂)ရာသီ အငှားနဲ့ ရောက်ရှိလာခဲ့ပြီး အငှားစာချုပ် ပြည့်သွားချိန်မှာ သူ့ကို ဘိုင်ယန်က အပြီးသတ် ခေါ်ယူလိုက်ပါတယ်။ အခုဆိုရင်တော့ ကိုမန်းက ဘိုင်ယန်အတွက် (၉)ရာသီအထိပါ ဖြတ်သန်းထားခဲ့ပြီဖြစ်ပြီး ပွဲပေါင်း (၂၉၄)ပွဲကစားထားကာ (၆၃)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အခုတော့ ဘိုင်ယန်က ဒီနွေမှာပဲ ခရစ္စတယ် ပဲလေ့စ်က တောင်ပံကစားသမား အိုလီဆေးကို ခေါ်ယူလိုက်လို့ အသင်းရဲ့ တောင်ပံမှာ ဆာနေး ကိုးမန်း အိုလီဆေး ဂါနာဘရီတို့လို wingers တွေ များပြားနေတာကြောင့် ကိုးမန်းအနေနဲ့ ဘိုင်ယန်ကနေ ထွက်ခွာသွားဖွယ် ရှိနေပြီး ဘာစီလိုနာကလည်း နီကို ဝီလီယံစ် မရတော့ရင် သူ့အစား ကိုးမန်းနဲ့ ခီယေဆာတို့ထဲက တစ်ဦးဦးကို ခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version