MySport Myanmar

မိတိုမာ နဲ့ အန်ဆူ ဖာတီကို အလဲအလှယ် လုပ်ဆောင်သွားချင်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဘရိုက်တန်အသင်းရဲ့ ဂျပန်ကြယ်ပွင့် တောင်ပံကစားသမား ကာအိုယူ မိတိုမာကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလာဖွယ် ရှိနေရာ အန်ဆူ ဖာတီ နဲ့ မိတိုမာ ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားဖို့အထိပါ ကမ်းလှမ်းလာဖွယ်လည်း ရှိနေပါတယ်။

အသက် (၂၆)နှစ်အရွယ် ဂျပန် ဘယ်တောင်ပံကစားသမား မိတိုမာဟာ ၂၀၂၁ခုနှစ်ကမှ ဂျပန် ဂျေလိဂ်ကလပ် ကာဝါဆာကီကနေ ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီရာသီမှာပဲ ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီအသင်းထံ တစ်ရာသီအငှားချခဲ့ရပါတယ်။

Photo Credit : The Japan Times

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီမှသာ ဘရိုက်တန်အတွက် စတင် ကစားပေးခွင့် ရရှိခဲ့တဲ့ မိတိုမာဟာ အဲ့ဒီရာသီမှာပဲ ပြိုင်ပွဲစုံ ပွဲပေါင်း (၄၁)ပွဲအထိတောင် ကစားပေးခဲ့ရင်း (၁၀)ဂိုးသွင်း (၈)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလို အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေကြောင့် မိတိုမာကို ဥရောပထိပ်သီး ကလပ်အသင်းတွေကလည်း စိတ်ဝင်စားလာခဲ့ပါတယ်။

ဒီရာသီမှာတော့ မိတိုမာက ဒဏ်ရာ အခြေအနေတွေ ရှိနေခဲ့တာကြောင့် ဘရိုက်တန်အတွက် ပွဲအနည်းငယ်ခန့် မကစားနိုင်ခဲ့ပေမယ့်လည်း (၂၄)ပွဲအထိ ကစားထားနိုင်ပြီး (၃)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ခဲ့ပါသေးတယ်။ ဒီလို စွမ်းဆောင်မှုတွေ ရှိနေတဲ့ မိတိုမာရဲ့ လက်ရှိ တန်ကြေးကလည်း ယူရို သန်း(၅၀)အထိကို ရှိနေရပါတယ်။

Photo Credit : Goal

ဒီလို ခြေစွမ်းကောင်းမျိုးတွေ ပိုင်ဆိုင်ထားတဲ့ မိတိုမာကို လာမယ့်နွေမှာ ဘာစီလိုနာအသင်းက အသင်းအတွက် ခေါ်ဆောင်သွားဖို့ ရှိနေပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ငွေသားသီးသန့်နဲ့ ကမ်းလှမ်းဖို့ထက် ကစားသမား အလဲအထပ် ကမ်းလှမ်းမှုမျိုးနဲ့သာ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လူငယ် တိုက်စစ်ကစားသမားလေး အန်ဆူ ဖာတီကို ဘရိုက်တန်အသင်းဆီ တစ်ရာသီ အငှားချထားခဲ့ရာ ဖာတီကို အသုံးချပြီး မိတိုမာကို ကစားသမားအချင်းချင်း swap deal ပုံစံမျိုးနဲ့ ကမ်းလှမ်းသွားဖို့ပါ စီစဉ်လို့နေပါတယ်။

Exit mobile version