စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ သူတို့အသင်းရဲ့ နည်းပြဟောင်း ပပ်ဂွာဒီယိုလာကို ခေါ်ယူဖို့ အတွက် စတင် လှုပ်ရှားလာကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၅၀ အရွယ် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြအဖြစ် ဘောလုံး ပရိသတ် အများစုရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး လတ်တလောမှာလည်း မန်ချက်စတာ စီးတီးအသင်းကို အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့သူပါ။

Photo Credit: Standard

ဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝမှာ ဘာစီလိုနာအသင်း ၊ ဘိုင်ယန်မြူးနစ်အသင်း ၊ မန်ချက်စတာ စီးတီး စတဲ့ ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး အဆိုပါ အသင်းတွေနဲ့အတူ ပြည်တွင်း ၊ ပြည်ပ ဆုဖလား များစွာကို ရယူနိုင်ခဲ့ပေမယ့် ဥရောပရဲ့ အမြင့်မားဆုံး ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ် ဆုဖလားကိုတော့ ဘာစီလိုနာ အသင်းနဲ့သာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်း မဟုတ်တဲ့ အခြားအသင်း တသင်းနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပထမဦးဆုံး အကြိမ် ရောက်ရှိတာ ဖြစ်သလို မန်ချက်စတာ စီးတီးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် အားခဲထားကြောင်း ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ထားပါတယ်။

Photo Credit: Standard

တစ်ဖက်မှာတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ လက်ရှိနည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေကာ အသင်းကို ယခင်ကလို အောင်မြင်မှုမျိုး ပြန်လည် ရရှိအောင် ဦးဆောင်ပေးနိုင်မယ့် နည်းပြတဦးကို ရှာဖွေနေပါတယ်။ စပိန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivoရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ဂွာဒီယိုလာကို ခန့်အပ်ချင်နေပြီး ဂွာဒီယိုလာဟာ လတ်တလောမှာ သူတို့အသင်းထံ ပြောင်းရွှေ့လာဖို့ ခက်ခဲကြောင်း သိထားပေမယ့် မန်ချက်စတာ စီးတီးနဲ့ ဂွာဒီယိုလာတို့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ ဂွာဒီယိုလာကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်နိုင်အောင် ယခုထဲက စည်းရုံးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဂွာဒီယိုလာနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ကြားမှာ ရှိတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၂ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။