စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ကာ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ဝုဗ်အသင်းမှာ ကစားနေတဲ့ တောင်ပံကစားသမား ထရာအိုရေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် တောင်ပံကစားသမား ထရာအိုရေးဟာ ဘာစီလိုနာအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းအတွက် ၄ပွဲ ပါဝင် ကစားပေးနိုင်ခဲ့ကာ ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
Photo Credit: Ruetir
ထရာအိုရေးဟာ ၂၀၁၅ခုနှစ်မှာ ဘာစီလိုနာအသင်းကို စွန့်ခွာကာ အက်စ်တွန်ဗီလာ အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်းနဲ့ ပြောင်းရွှေ့ကစားခဲ့ကာ အဲ့ဒီနောက် မစ်ဒယ်ဘရော့အသင်း ၊ ဝုဗ်အသင်းတို့ဆီ ပြောင်းရွှေ့ခဲ့သူပါ။
ဝုဗ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ထရာအိုရေးဟာ သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ဝုဗ်အသင်း အတွက် ၁၅၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
Photo Credit: Ruetir
လက်ရှိမှာတော့ ထရာအိုရေးဟာ ဝုဗ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်ရှိနေသေးပေမယ့် သူ့ရဲ့ ကစားသမား ဘဝကို တဆင့်မြှင့်ဖို့ အတွက် ဥရောပပြိုင်ပွဲဝင်ခွင့် ရတဲ့ အသင်းတွေဆီ ပြောင်းဖို့ ဆုံးဖြတ်ထားပြီး ဝုဗ်အသင်းကလည်း ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရဖို့ အတွက် ထရာအိုရေးကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ စပါးအသင်းနဲ့ အပြိုင် ထရာအိုရေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ထရာအိုရေးရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။