စပိန် လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်ရဲ့ နေရာ အတွက် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ဘာစီလိုနာအသင်းဟာ ဖလားလက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းပြီးတဲ့ နောက်မှာတော့ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ ပြင်ဆင် နေပြီး အသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဆွာရက်ဇ် ၊ ဗီဒယ်နဲ့ ရာကီတစ် တို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ် ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Give Me Sport

လက်ရှိမှာတော့ ရာကီတစ်ဟာ အသင်းဟောင်း ဆီဗီးလားအသင်းထံကို ပြောင်းရွှေ့တော့မှာ ဖြစ်သလို ဆွာရက်ဇ်နဲ့ ဗီဒယ်ဟာလည်း အီတလီ စီးရီးအေပြိုင်ပွဲကို ရောက်ရှိဖို့ နီးစပ် နေကြပါတယ်။ ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်ရဲ့ နေရာအတွက် ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် တစ်ဖက်မှာတော့ မန်စီးတီးအသင်းဟာ ဂါဘရီရယ် ဂျီးဆပ်ကို လက်လွှတ်သွားဖို့ ဆန္ဒမရှိဘူးလို့ အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ ဒါပေမယ့် စပိန်အခြေစိုက် သတင်းဌာနတွေ ကတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ မက်ဆီကို ခေါ်ယူဖို့ အတွက် မန်စီးတီးအသင်းက ကြိုးစားနေမှုကို အခွင့်ကောင်း ယူကာ မက်ဆီကို လက်လွှတ်ခဲ့ရပါက ဂျီးဆပ်ကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတယ် လို့ ဆိုထားကြပါတယ်။

Photo Credit: Give Me Sport

မန်စီးတီးအသင်းဟာ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး ကြာသပတေးနေ့မှာတော့ မန်စီးတီးအသင်းရဲ့ တာဝန်ရှိသူတချို့ဟာ ဘာစီလိုနာမြို့ကို လာရောက်ကာ မက်ဆီရဲ့ အပြောင်းအရွှေ့အတွက် ဘာစီလိုနာအသင်းနဲ့ လာရောက် ဆွေးနွေးမယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စပိန်နိုင်ငံရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ ဘာစီလိုနာအသင်းဟာ မက်ဆီကို အသင်းမှာ ထိန်းသိမ်းထားနိုင်ဖို့ အတွက် ယုံကြည်ချက် မရှိတော့ပါက မန်စီးတီးအသင်းထံ မက်ဆီကို ရောင်းချသွားရမှာ ဖြစ်ပြီး အဆိုပါ ရောင်းချမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ဂျီးဆပ်ကို ပြန်လည် တောင်းဆိုလိမ့်မယ် လို့ ခန့်မှန်း သုံးသပ် ထားကြပါတယ်။