စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ကာတာ အင်အားကြီးကလပ် အယ်လ်ဆတ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဘက်ဂဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ တန်ကြေးမြင့် အပြောင်းအရွှေ့တွေကို ပြုလုပ်နိုင်စွမ်း မရှိတာကြောင့် ဈေးသက်သာသလို ခြေစွမ်းပိုင်းလည်း ကောင်းမွန်တဲ့ ကစားသမားတွေကိုသာ ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပါတယ်။

Photo Credit: 90 Min

ဘာစီလိုနာအသင်းဟာ နှလုံးရောဂါ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အာဂျင်တီးနား ဝါရင့် တိုက်စစ်မှူး အဂူရိုကို လက်လွှတ်ရဖို့ ရှိနေသလို အခြား တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဒီဂျောင်နဲ့ ဘရိတ်ဝိတ်တို့ကလည်း နည်းပြသစ် ဇာဗီရဲ့ စိတ်ကြိုက် တိုက်စစ်မှူးတွေ မဟုတ်တာကြောင့် အယ်လ်ဆတ်အသင်းမှာ ဇာဗီနဲ့ လက်တွဲညီခဲ့ဖူးတဲ့ တိုက်စစ်မှူး ဘက်ဂဒက်ကို ခေါ်ယူဖို့ စောင့်ကြည့်လာတာပါ။

အသက် ၂၉နှစ် အရွယ် အယ်လ်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဘက်ဂဒက်ဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီနဲ့ အယ်လ်ဆတ်အသင်းမှာ ၂ရာသီကြာအောင် အလုပ်တွဲလုပ်ဖူးသူ ဖြစ်ပြီး ဇာဗီရဲ့ လက်အောက်မှာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဘက်ဂဒက်ဟာ အယ်လ်ဆတ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၅၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅၉ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၄၄ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ တန်ကြေးကတော့ ယူရို ၆သန်း ကနေ ၁၀သန်းကြား ရှိပါတယ်။

Photo Credit: 90 Min

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇာဗီဟာ သူ့အတွက် တန်ဖိုးနည်း တိုက်စစ်မှူး တဦးကို ခေါ်ယူပေးချင်ပါက ဘက်ဂဒက်ကို ခေါ်ယူပေးဖို့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်းနဲ့ ဘာစီလိုနာအသင်းကလည်း ဘက်ဂဒက်ကို ခေါ်ယူနိုင်ခြင်း ရှိ ၊ မရှိ အယ်လ်ဆတ်အသင်းနဲ့ ညှိနှိုင်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဘက်ဂဒက်ကို ခေါ်ယူရာမှာ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၈သန်း ဝန်းကျင် သုံးစွဲရနိုင်ပြီး ဘက်ဂဒက် ကတော့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ အဆင်သင့် ရှိနေကြောင်း ကာတာအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။