စပိန်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူပြီး တစ်ရာသီ အကြာမှာပဲ ပြန်လည် ရောင်းထုတ် သွားတော့မယ် လို့ သိရှိရပါတယ်။ အသက်၂၉နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းမှာ တောက်ပတဲ့ ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်း ထံ ရောက်ရှိချိန်မှာ အရင်လို ခြေစွမ်းပြနိုင်ခြင်း မရှိတော့ပဲ ပုံမှန်ခြေစွမ်း ရရှိဖို့အတွက်တောင် ရုန်းကန် နေရတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Evening Standard

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ ဆိုးဆိုးဝါးဝါး အရေးနိမ့်ခဲ့ပြီး နောက်မှာတော့ အသင်းကို အလုံးစုံ ပြောင်းလဲဖို့ စီစဉ်နေပြီး အသင်းရဲ့ ဝါရင့် ကစားသမားတွေ အားလုံးကို ရောင်းထုတ်သွားမှာ ဖြစ်သလို အသင်းနဲ့ အံမဝင်တဲ့ ကစားသမားတွေကိုလည်း ရှင်းထုတ်သွားမယ် လို့ သိရပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sport သတင်းဌာနရဲ့ အဆိုအရ တော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းကနေ ရောင်းထုတ်မယ့် ကစားသမား စာရင်းထဲမှာ အန်တိုနီ ဂရစ်ဇ်မန်းကိုလည်း ပေါင်းထည့်ထားကြောင်းနဲ့ ဂရစ်ဇ်မန်းအတွက် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာ ကမ်းလှမ်းမှုတွေ ရရှိလိမ့်မယ်လို့ မျှော်လင့် ထားကြောင်း သိရှိရပါတယ်။

Photo Credit: Evening Standard

အသက်၂၉နှစ်အရွယ် ဂရစ်ဇ်မန်းဟာ လက်ရှိ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ် ၃၅ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လက်ရှိ မှာတော့ ဂရစ်ဇ်မန်းကို စိတ်ဝင်စားနေတဲ့ အသင်း မရှိသေးပဲ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းတို့ကတော့ ယခင်က ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြဖူးပါတယ်။ ဥရောပရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့အတွက် ကြိုးစားမယ့် အသင်းတွေ ရှိမနေဘူးလို့ သုံးသပ် ထားကြပြီး အကယ်၍ ဘာစီလိုနာအသင်းက သာ ဂရစ်ဇ်မန်းကို တစ်ရာသီအငှားနဲ့ ထွက်ခွာခွင့် ပြုမယ် ဆိုရင်တော့ ပီအက်စ်ဂျီအသင်းဟာ ခေါ်ယူနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။