စပိန်အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကတော့ သူတို့အသင်းရဲ့ ပြင်သစ် လူငယ် တောင်ပံကစားသမား အူစမာနီ ဒမ်ဘီလီကို စာချုပ်သက်တမ်း တိုးဖို့ ညှိနှိုင်း ဆွေးနွေးနေပေမယ့် ဒမ်ဘီလီသာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းပယ်မယ် ဆိုရင်တော့ ရောင်းချသွားဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဆိုပါတယ်။ အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်နေ့ အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး ဘာစီလိုနာအသင်းကသာ သူ့ကို စာချုပ်သစ် မချုပ်ဆိုနိုင်ပါက လာမယ့် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့်သူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေသလို ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ထားပေမယ့် ဒမ်ဘီလီဘက်ကတော့ စာချုပ်သစ် ချုပ်ဆိုဖို့ စိတ်ဝင်စားခြင်း မရှိသေးသလို အသင်းပြောင်းဖို့လည်း စတင် စဉ်းစားနေပြီ ဖြစ်ကြောင်း စပိန်အခြေစိုက် သတင်းထောက်တွေက ဆိုပါတယ်။ ပြင်သစ်အခြေစိုက် နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Sport ကတော့ ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂ပတ်ကျော်က ရရှိခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် တုံ့ပြန်ခြင်း မရှိသေးပဲ အကယ်၍ ရာသီကုန်အထိသာ ဒမ်ဘီလီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရင် ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ရောင်းချသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Photo Credit: Standard

ဒမ်ဘီလီဟာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတဦး ဖြစ်တာကြောင့် ဘာစီလိုနာအသင်းဟာ သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိပဲ ပြောင်းရွှေ့ကြေး ပေါင် ၄၄သန်းနဲ့ ၅၃သန်းကြား ရရှိပါက ဒမ်ဘီလီကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စဉ်းစားနေပါတယ်။ လက်ရှိမှာတော့ ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် ၊ ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ လီဗာပူး ၊ ဒေါ့မွန် စတဲ့ အသင်းတွေဟာ ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေကြပါတယ်။