စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ ကော်တင်ဟိုကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချဖို့ အတွက် ပြင်ဆင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ကော်တင်ဟိုဟာ ၂၀၁၈ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် လီဗာပူးအသင်း ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၄၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် ဘာစီလိုနာ အသင်းရဲ့ ကစားသမားဘဝမှာ ထင်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ် အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။

Photo Credit: Marca

ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ် အသင်းထံ အငှားနဲ့ သွားရောက် ကစားချိန်မှာ ထိုက်သင့်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ အပြင် ချန်ပီယံလိဂ်ဖလားပါ ရရှိခဲ့တာကြောင့် နည်းပြသစ် ကိုးမန်း ရောက်ရှိလာချိန်မှာ ဘာစီလိုနာ အသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။ ကော်တင်ဟိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး ၃ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းဟာ ကော်တင်ဟိုရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက်ခြင်း မရှိပဲ အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမား ဖြစ်သူ ပီဒရီကို ကော်တင်ဟိုထက် ပိုမို သဘောကျနေတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကော်တင်ဟိုကို ရောင်းချလိုက ရောင်းချလိုကြောင်း အသင်းရဲ့ ဘုတ်အဖွဲ့ထံ အသိပေးထားကြောင်း သိရပါတယ်။

Photo Credit: AS English

ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေ ကလည်း အဆိုပါ သတင်းအပေါ် အတည်ပြု ပေးထားပြီး ဘာစီလိုနာ အသင်းဟာ လတ်တလောမှာ ကြုံတွေ့နေရတဲ့ ဘဏ္ဏာရေး အခက်အခဲကို ဖြေရှင်းဖို့ အသင်းမှာ ရှိတဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကော်တင်ဟိုကို ရောင်းချဖို့ ပြင်ဆင် နေကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောဆို ထားကြပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာ အသင်းမှာ ပုံမှန် ခြေစွမ်းကောင်း တစ်ခု ပြသနိုင်ဖို့ ခက်ခဲနေပေမယ့် လက်ရှိအချိန်မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်း ၊ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အာဆင်နယ် အသင်းတို့ဟာ ကော်တင်ဟိုကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေကြောင်း သိရပါတယ်။