စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၃၂နှစ် အရွယ် ဂါဘွန် အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာနဲ့ ပြဿနာတက်ခဲ့တာကြောင့် စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုနဲ့ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို အသင်းခေါင်းဆောင် ရာထူးကနေပါ ဖယ်ရှားခံခဲ့ရသူပါ။

Photo Credit: AS English

အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်း ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းပိုင်း အတော်လေး ကျဆင်းနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုးသာ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အူဘာမီယန်းကို အသင်းကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းက အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေပါတယ်။

Photo Credit: AS English

ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် တန်ကြေးမြင့် ကစားသမားတွေကို ခေါ်ယူဖို့ ခက်ခဲနေတဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး အာတီတာနဲ့ အဆင်မပြေတဲ့ အူဘာမီယန်းက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Independent သတင်းဌာနက ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ ဖွင့်တာနဲ့ အူဘာမီယန်းကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းထံ ကမ်းလှမ်းဖွယ် ရှိနေပြီး အာဆင်နယ်က အူဘာမီယန်းကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားသလို အူဘာမီယန်းကလည်း ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာနိုင်ပါတယ်။