MySport Myanmar

ဒမ်ဘီလီကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားဖွယ် ရှိလို့နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးနေပြီဖြစ်တဲ့ ပြင်သစ်တောင်ပံ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့် မပေးချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားချင်နေတယ်လို့ နာမည်ကျော် အားကစား သတင်းမီဒီယာကြီး ESPN က ထုတ်ဖော်သွားခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဘာစီလိုနာအသင်းကို နည်းပြဇာဗီ မရောက်လာခင် ဘာစီလိုနာဘက်ကနေ ဒမ်ဘီလီအတွက် စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒမ်ဘီလီဘက်က ဒီကမ်းလှမ်းမှုအပေါ် ပယ်ချခဲ့ပြီး ကလပ်အသင်းနဲ့ ဒမ်ဘီလီတို့ကြားမှာပါ အဆင်မပြေမှုတွေ ရှိလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဇာဗီက ဒမ်ဘီလီကို ပွဲကစားခွင့်တွေ ပြန်လည်ခွင့်ပြုပေးခဲ့သလို ဒမ်ဘီလီကိုယ်တိုင်ကပါ ရီးယဲလ်မက်ဒရစ်ကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ အယ်ကလက်စီကိုဒါဘီ ပွဲစဉ်မှာပါ အူဘာမီယန်း ဖယ်ရန်တောရက်စ်တို့နဲ့ အသင်းတိုက်စစ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုး(၂)ဂိုးပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit : Barca Blaugranes

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂၀၁ရခုနှစ်ကမှ ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၄၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒဏ်ရာပြသာနာတွေ မကြာခဏ ရင်ဆိုင်နေခဲ့ရလို့ ဘာစီလိုနာအတွက် (၅)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း(၁၃၉)ပွဲသာ ကစားထားခဲ့ရပြီး သွင်းဂိုးလည်း (၃၂)ဂိုးသာ သွင်းယူနိုင်ခဲ့ရပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ဒမ်ဘီလီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ဘာစီလိုနာအသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒမ်ဘီလီဘက်က ပယ်ချခဲတာကြောင့် အသင်းဘက်ကပါ ဒမ်ဘီလီကို သူရဲ့စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာ ရောင်းထုတ်ဖို့ ရှင်းထုတ်ဖို့အထိပါ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒမ်ဘီလီက အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေနိုင်သလို အသင်းကလည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေတဲ့အတွက် ဒမ်ဘီလီကို စာချုပ်သစ် ထပ်မံကမ်းလှမ်းဖို့ထိ ထပ်မံလုပ်ဆောင်ဖွယ် ရှိနေပြီး ဒမ်ဘီလီကလည်း သူရဲ့အနာဂတ်ကို ပြန်လည်စဉ်းစားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version