ဒီနှစ် ဘောလုံးရာသီအပြီးမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ထရန့် အလက်ဆန်းဒါး အာနိုးကို ရီးယဲလ် မက်ဒရစ်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေရာကနေ အခု ဘာစီလိုနာအသင်းပါ ရီးယဲလ်နဲ့အပြိုင် အာနိုးကို ခေါ်ယူသွားနိုင်ဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

အသက်(၂၆)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံကစားသမား အာနိုးဟာ လီဗာပူးလ် အကယ်ဒမီထွက်ဖြစ်ပြီး အခုဆိုရင် အာနိုးက လီဗာပူးလ်အသင်းအတွက် အရေးအပါဆုံး ကစားသမား ဖြစ်နေတဲ့အပြင် အသင်းရဲ့ လက်ထောက် အသင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်နေပါတယ်။

Photo Credit : The Economic Times

ဒါပေမယ့် လက်ရှိမှာ အာနိုးက လီဗာပူးလ်နဲ့ စာချုပ်နောက်ဆုံးနှစ်ကို ရောက်ရှိနေတာ ဖြစ်တဲ့အပြင် လီဗာပူးလ်ကလည်း အသင်းက အဓိက ကစားသမားတွေဖြစ်တဲ့ အာနိုး ဆာလာ ဗန်ဒိုက်တို့ (၃)ဦးလုံးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဒီကစားသမားအားလုံးကို စာချုပ်သစ် ချုပ်ဆိုဖို့က ခက်ခဲနေရပါတယ်။

ဒီလို အခြေအနေမျိုးမှာ ရှိနေတဲ့ အာနိုးကို ရီးယဲလ် မက်ဒရစ်အသင်းက စိတ်ဝင်စားလျက် ရှိလို့နေပြီး အသင်းရဲ့ ဝါရင့် ညာနောက်ခံကစားသမားကြီး ဒန်နီ ကာဗာဟယ်လ်နေရာအတွက် အာနိုးကို ရအောင် ခေါ်ယူသွားချင်နေပါတယ်။ ကာဗာဟယ်လ်က လက်ရှိမှာလည်း ACL ဒဏ်ရာဆိုးကြီးကြောင့် ကာလအတန်ကြာ အနားယူနေရပါတယ်။

Photo Credit : Liverpool FC

ရီးယဲလ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အာနိုးကို ရီးယဲလ်ရဲ့ မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး ဘာစီလိုနာ ဥက္ကဌ ယိုဟန် လာပေါ်တာက လီဗာပူးလ်နဲ့ အာနိုးတို့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားထားတယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းကတော့ အာနိုးလို ငယ်မွေးခြံပေါက် ကစားသမားမျိုးကို အသင်းမှာသာ ဆက်လက် ထိန်းထားချင်နေပေမယ့် အာနိုး အလိုရှိနေတဲ့ လုပ်ခလစာမျိုး ပေးချေသွားဖို့ လီဗာပူးလ်ပိုင်ရှင်တွေအတွက် အဆင်မပြေ ဖြစ်လာနိုင်တာကြောင့် လက်မလွတ်ချင်ဘဲ လက်လွတ်သွားရနိုင်တာမို့ အာနိုးကို ရီးယဲလ်နဲ့ ဘာစီလိုနာ ဒါမှမဟုတ် ဘယ်အသင်းကများ ခေါ်ယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။