စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ သူတို့ရဲ့ အဓိက ပစ်မှတ် ဖြစ်သူ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို မခေါ်ယူနိုင်ခဲ့ရင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်တဲ့ လူးဝစ် ဆွာရက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်ခေါ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အသက် ၃၅နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က မကြာမီကမှ စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: ESPN

တဖက်မှာတော့ ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားတဲ့ ပိုလန်တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရယူထားနိုင်ပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က လီဝမ်ဒေါစကီးကို ရောင်းချဖို့ ငြင်းဆန်နေတာကြောင့် အပြောင်းအရွှေ့ကို ရှေ့ဆက်ဖို့ ခက်ခဲနေပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက လီဝမ်ဒေါစကီးကို မခေါ်ယူနိုင်ခဲ့ရင် ဘယ်သူ့ကို အစားထိုး ခေါ်ယူသွားမလဲ ဆိုတာ စတင် တိုင်ပင်နေကြပြီး လတ်တလောမှာတော့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ဒိုင်ဘာလာနဲ့ ဘာစီလိုနာရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဆွာရက်ဇ်တို့က ဘာစီလိုနာရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်နေကြပါတယ်။

Photo Credit: ESPN

ဒါပေမယ့် ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက တကိုယ်ကောင်းစိတ် များကာ လုပ်ခလစာ မြင့်မားတဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်မဝင်စားပဲ သူ့ရဲ့ အသင်းဖော် တဦး ဖြစ်ခဲ့သလို ဘာစီလိုနာရဲ့ ကစားဟန်နဲ့လည်း ကိုက်ညီအောင် ကစားတတ်တဲ့ ဆွာရက်ဇ်ကိုသာ ရေတိုစာချုပ်နဲ့ ပြန်လည် ခေါ်ယူချင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။

နာမည်ကြီး စပိန်သတင်းထောက် တဦး ဖြစ်သလို ဘာစီလိုနာနဲ့လည်း နီးစပ်သူ ဖြစ်တဲ့ အယ်ဖရက်ဒို မာတီနက်ဇ်ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ဆွာရက်ဇ်ကို ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အကယ်၍ သူတို့ကသာ လီဝမ်ဒေါစကီးကို မခေါ်နိုင်ခဲ့ရင် ဆွာရက်ဇ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် ဆွာရက်ဇ်အနေနဲ့ တခြားအသင်းဆီ မပြောင်းရွှေ့ပဲ သူတို့ကို စောင့်ဆိုင်းဖို့ပါ တောင်းဆိုထားကြောင်း သိရပါတယ်။