ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ မန်ချက်စတာယူနိုက်တက် အနေနဲ့ ဘာစီလိုနာအကယ်ဒမီ အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အကယ်ဒမီအသင်းတွေ ကနေ ကစားသမားနှစ်ဦးကို ခေါ်ယူခဲ့ပါတယ်။ ထို ကစားသမားနှစ်ဦးကတော့ မတ်ဂျုရာဒို နဲ့ အယ်ဗာရိုဖာနန်ဒက်ဇ် ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးအနေနဲ့ မန်ယူရဲ့ ပထမ အသင်းမှာ ပါဝင်ကစားခွင့် မရရှိသေးပေမယ့်လည်း နောင်တစ်ချိန်မှာ ပါဝင်လာဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ ဘာစီလိုနာအသင်း အနေနဲ့ကတော့ မကြာခင်မှာ မန်ယူအသင်းပေါ်ကို လက်စားချေမှုတစ်ခု ပြုလုပ်သွားဖို့ ရှိနေပါတယ်။ အဲ့ဒါကတော့ မန်ယူလူငယ်အသင်းရဲ့ ကစားသမား အားနော့ ပစ်မယ်လ် ကို ခေါ်ယူဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Photo Credit: Marca

အားနော့ ပစ်မယ်လ်ဟာ စပိန်ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ကာ ၂၀၁၇-၁၈ ရာသီက မန်ယူလူငယ်အသင်းကို အက်စပန်ညိုလူငယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ သူတို့ရဲ့ အရံအသင်းကို အင်အားဖြည့်တင်းဖို့ အစီအစဉ်ဆွဲနေတာ ဖြစ်ပြီးတော့ ထိုအစီအစဉ်ထဲမှာ အားနော့ပစ်မယ်လ်ကို ခေါ်ယူဖို့ ကိစ္စလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဘာစီ အနေနဲ့ ပစ်မယ်လ် ကို အသက် ၁၆ နှစ်အရွယ်တုန်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့ဖူးပေမယ့် ပစ်မယ်လ်ကိုယ်တိုင်က မန်ချက်စတာယူနိုက်တက်မှာ ကစားချင်တဲ့ စိတ်ဆန္ဒရှိတာကြောင့် မအောင်မြင်ခဲ့ပါဘူး။ အခုချိန်မှာတော့ ပစ်မယ်လ် ဟာ လူငယ်အသင်းမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Marca

ပစ်မယ်လ် နဲ့ မန်ယူတို့ ရဲ့ စာချုပ်ဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ညှိနှိုင်းဆွေးနွေတာ သာ အဆင်ပြေခဲ့ရင် ပစ်မယ်လ် ဟာ လာမယ့် ဇန်နဝါရီမှာ ဘာစီလိုနာကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ပစ်မယ်လ်ကို ခေါ်ယူဖို့ အထူးကြိုးပမ်းသွားမှာ ဖြစ်သလို ပစ်မယ်လ်အနေနဲ့လည်း စပိန်မြေကို ပြန်သွားကာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘဝ ကို စတင်တော့မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ မန်ချက်စတာယူနိုက်တက် အနေနဲ့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာကလည်း အားနော့ အနေနဲ့ သူတို့ရဲ့ အသင်းအင်္ကျီကို ဇန်နဝါရီမှာ ဝတ်ဆင်နိုင်မယ်လို့ ပြောဆိုထားပါတယ်။ လူငယ်ကစားသမား အားနော့ပစ်မယ်လ် အသင်းကြီးမှာ ကစားခွင့်ရပြီး ခြေစွမ်းပြနိုင်မလားဆို‌တာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။