ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်က လာမယ့်ရာသီမှာ စပိန်လာလီဂါ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့နဲ့ ဥရောပ ဘောလုံးနယ်ပယ်မှာပါ လွှမ်းမိုးနိုင်ဖို့အတွက် နွေစျေးကွက်အတွင်း ကစားသမား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေရာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ရောဘတ်လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့ကို ခေါ်ယူသွားချင်နေပြီး ဒီကစားသမားနှစ်ယောက်ကို အသင်းရဲ့ လူငယ်ကစားသမား အန်ဆူဖာတီနဲ့ တွဲဖက်ကာ တိုက်စစ်အစုအဖွဲ့သစ်အဖြစ် တည်ဆောက်သွားချင်နေတယ်လို့ စပိန်သတင်းစာ Mundo Deportivo ကနေ ဖော်ပြသွားခဲ့ပါတယ်။

FC Barcelona updates crest - YouTube

Photo Credit : YouTube

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အူဘာမီယန်း ဖယ်ရန်တောရက်စ် ဖာတီ ထရာအိုရေး ဒီပိုင်း လုခ်ဒီဂျောင် ဘရေ့ဝိတ်နဲ့ ဒမ်ဘီလီတို့လို ကစားသမားတွေ ရှိနေကြပေမယ့်လည်း ဒီဂျောင်နဲ့ ထရာအိုရေးတို့က အခုရာသီကုန်အထိ အငှားနဲ့ ခေါ်ယူထားတာဖြစ်သလို အပြီးသတ် ခေါ်ယူနိုင်ဖွယ် မရှိတဲ့အပြင် ဒီပိုင်း ဘရေ့ဝိတ်တို့ကို ရောင်းထုတ်ဖွယ်လည်း ရှိနေပါတယ်။ ဒါ့အပြင် ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်လို့ ဘာစီလိုနာဘက်က တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်နှစ်ဦးလောက်အထိ ပြန်လည်အားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Mundo Deportivo

လက်ရှိမှာ ဘာစီလိုနာနဲ့ သတင်းအထွက်ဆုံး ဖြစ်နေရတဲ့ တိုက်စစ်ကစားသမားတွေကလည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးနဲ့ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာတို့ ဖြစ်ပါတယ်။ ဘိုင်ယန်ရဲ့ ပိုလန်ဂိုးသွင်းစက် လီဝန်ဒေါစကီးက ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပြီး သူ့ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့လည်း ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်လည်း လီဝန်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီမှုအထိပါ ရယူထားနိုင်ခဲ့ပြီလို့ ဖော်ပြထားခဲ့ရာ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပိုင်းကိုသာ ဆက်လက်ညှိနှိုင်းရဖွယ် ရှိနေပြီး ဘာစီလိုနာဘက်ကတော့ လီဝန်အတွက် ပြောင်းရွှေ့ကြေးအပြင် ဒီပိုင်းပါ အလိုက်ပေးဖွယ် ရှိနေပါတယ်။ လိဒ်စ်ကစားသမား ရာဖင်ညာကတော့ လက်ရှိမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)လောက် တန်ကြေးရှိနေသူ ဖြစ်ပေမယ့်လည်း သူ့အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားဖွယ် ရှိနေတာကြောင့် ရာဖင်ညာကို cut-price နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးတွေ ရှိလာနိုင်ပါတယ်။