ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်သူ ဇာဗီဟာနန်ဒက်ဇ်က မကြာသေးခင်ကမှ သူရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်တဲ့ ဝါရင့်ညာနောက်ခံကစားသမားကြီး ဒန်နီအဲလ်ဗက်စ်ကို ကာလတိုစာချုပ်နဲ့ ပြန်လည်ခေါ်ယူထားခဲ့တဲ့အပြင် လတ်တလောမှာလည်း ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံအစွန်လူ ကစားသမား ဆီဆာအက်စပီလီကွယ်တာကိုပါ ထပ်မံခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး လာမယ့် ဇန်နဝါရီလ ဆောင်းစျေးကွက်အတွင်းမှာပဲ ဆက်သွယ်မှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်ဝါရင့် ညာနောက်ခံကစားသမားကြီး အက်စပီလီကွယ်တာဟာ ၂၀၁၂ခုနှစ်ကတည်းကမှ ချယ်လ်ဆီးအသင်းကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး ဖြတ်သန်းထားနိုင်ခဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် သူရဲ့လက်ရှိ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၂ခုနှစ်မှာပဲ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ အက်စပီလီကွယ်တာဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိကအကျဆုံး ကစားသမားတစ်ယောက် ဖြစ်ပေမယ့် သူရဲ့လက်ရှိ အသက်အရွှယ်အရ လာမယ့်နှစ်တွေအတွင်း အသင်းမှာ ပုံမှန်ကစားခွင့် အကန့်အသတ်တွေနဲ့ ဖြစ်လာနိုင်လို့ သူရဲ့စာချုပ်ကိစ္စကို စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Tribal Football

ဒီလို အခြေအနေရှိနေတဲ့ အက်စပီလီကွယ်တာကို ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီက သူရဲ့အသင်းအတွက် အလိုရှိနေပြီး ကစားသမားဘက်ကလည်း သူရဲ့လက်ရှိကလပ်အသင်းနဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုကို ဇန်နဝါရီလမတိုင်ခင် မလုပ်ဆောင်နိုင်ဘူးဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေကလွဲပြီး တခြားသော ပြည်ပလိဂ်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို နည်းပြဇာဗီက အကောင်းဆုံး အသုံးချဖို့ ရှိနေပြီး အက်စပီလီကွယ်တာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရခေါ်ယူဖို့အတွက် လာမယ့် ဆောင်းစျေးကွက်ထဲမှာပဲ အကြိုသဘောတူညီမှုတစ်ရပ်ကိုပါ ရယူထားဖွယ် ရှိနေတယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ စပိန်အခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာလည်း ဇာဗီဟာ အဲလ်ဗက်စ်ပြီးနောက်မှာ နောက်ထပ် အသင်းဖော်ဟောင်းတစ်ဦးဖြစ်သူ သီယာဂိုအယ်ကန်တာရာကိုပါ ဘာစီလိုနာအသင်းဆီကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။