စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ သူတို့အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း လိုချင်နေပြီး သူတို့အသင်းဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးသာ မရရင် ရောင်းချဖို့ စိတ်ကူးမရှိကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက အခိုင်အမာ ဖော်ပြသွားခဲ့ကြပါတယ်။

ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ကို လက်လွှတ်ထားရတဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကတော့ သူ့ရဲ့ တပည့်ဟောင်း အူဘာမီယန်းနဲ့ ပြန်လည် လက်တွဲချင်နေပါတယ်။

Photo Credit: Standard

အသက် ၃၃နှစ် အရွယ် ဂါဘွန်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းက ယခုနှစ် ဇန်နဝါရီလကမှ အာဆင်နယ် ကနေ ဘာစီလိုနာထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့ပေမယ့် ဘာစီလိုနာဆီ ရောက်ရှိချိန်မှာတော့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းတွေကို ပြန်လည် ထုတ်ဖော် ပြသထားနိုင်သူပါ။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးက အူဘာမီယန်းကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်နဲ့ရော ၊ ဘာစီလိုနာနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး အူဘာမီယန်းကလည်း သူ့ရဲ့ ဆရာဟောင်း တူဟယ်လ်နဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit: Standard

ဘာစီလိုနာကလည်း ယခု နွေဈေးကွက် အတွင်းမှာ လီဝမ်ဒေါစကီး ၊ ရာဖင်ဟာ စတဲ့ တိုက်စစ် ကစားသမားတွေကို ခေါ်ယူထားနိုင်တာကြောင့် အူဘာမီယန်း အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် အူဘာမီယန်းကို ရောင်းချဖို့ စဉ်းစားနေပေမယ့် အူဘာမီယန်း အတွက် သူတို့ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းမှ မရရင် အူဘာမီယန်းကို အသင်းမှာသာ ဆက်လက် ထားရှိသွားဖို့ ဆုံးဖြတ်ထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဘာစီလိုနာဟာ အူဘာမီယန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း လိုချင်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက အူဘာမီယန်းကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေတာကြောင့် ဘာစီလိုနာအနေနဲ့ အူဘာမီယန်း အတွက် သူတို့လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးသာ မရရင် အူဘာမီယန်းကို အသင်းမှာပဲ ဆက်ထားနိုင်ကြောင်း ဆိုပါတယ်။