စပိန် လာလီဂါ ထိပ်သီး အသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီကို ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းထံ ရောင်းချချင်နေကြောင်း ဘာစီလိုနာ အသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆို လာခဲ့ပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ် တောင်ပံ ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာ အသင်းထံ ၂၀၁၇ ခုနှစ်ကထဲက ရောက်ရှိ လာသူ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ အသင်းအတွက် သင့်တော် ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသ ထားနိုင်ခြင်း မရှိသလို ပင်ကိုယ် ခြေစွမ်း ကောင်းမွန်ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာ ရရှိနေတာဟာ သူ့ရဲ့ ကစားသမား ဘဝအတွက် အကြီးမားဆုံး အခက်အခဲတစ်ခု ဖြစ်နေသူပါ။

Photo Credit: AS English

ယနေ့မနက် အစောပိုင်းမှာ ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာ အသင်းဟာ ညာတောင်ပံ ကစားသမား တစ်ဦးကို ရှာဖွေနေတဲ့ ပရီးမီးယားလိဂ် အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ဒမ်ဘီလီကို ကမ်းလှမ်းလာလိမ့်မယ် လို့ ယုံကြည် နေပြီး မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ ရပါက ဒမ်ဘီလီကို အသင်း ကနေ ရောင်းထုတ် သွားမယ် လို့ သိရပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ AS သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်း ဟာ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ ဆန်ချိုကို ခေါ်ယူဖို့ အဆင်မပြေပါက ဒမ်ဘီလီကို ပြောင်းလဲ ကမ်းလှမ်းဖို့ ကြိုတင် ပြင်ဆင် ထားပြီး ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀ သန်း ကနေ ယူရို ၆၀သန်း ကြား အလိုရှိနေကြောင်း သိထား ရပါတယ်။

Photo Credit: AS English

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano ကတော့ မန်ယူအသင်းဟာ ဆန်ချိုကိုသာ ဦးစားပေး ပစ်မှတ်အဖြစ် သဘော ထားထားကြောင်းနဲ့ ဆန်ချိုကို မရမှသာ ဒမ်ဘီလီ ကို တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း ယနေ့မနက်မှာပဲ ဖော်ပြ သွားပါတယ်။ ဘာစီလိုနာ အသင်းနဲ့ နီးစပ်သူတွေ ကတော့ ဘာစီလိုနာ အသင်းဟာ လိုင်ယွန် အသင်းရဲ့ တိုက်စစ် ကစားသမား ဒီပိုင်းကို ခေါ်ယူဖို့ အတွက် အသင်းမှာ ရှိတဲ့ လုပ်ခ လစာမြင့် ကစားသမားတွေ ထဲက တစ်ဦးကို အငှား (သို့) ရောင်းချဖို့ လုပ်ဆောင် ရမှာ ဖြစ်တာကြောင့် ဒမ်ဘီလီကို မန်ယူအသင်းထံ ပို့ဆောင် လိုနေတယ် လို့ ဖွင့်ဟ ထားကြပြီး ကော်တင်ဟိုကို ဘိုင်ယန်မြူးနစ် အသင်းထံ အငှားချခဲ့သလို တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ဒမ်ဘီလီကို မန်ယူအသင်းထံ အငှားချနိုင်ကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေ ကလည်း ဖော်ပြသွားကြပါတယ်။