ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကတော့ တတိယနေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အရင်ရက်နေ့တွေကတော့ ပီအက်စ်ဂျီအသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့က နိုင်ပွဲရရှိခဲ့ကြပြီး ဆီမီးဖိုင်နယ်မှာ ဆုံတွေ့ကြတော့မှာဖြစ်သလို ဒီနေ့ထိပ်တိုက်ရင်ဆိုင်ရမယ့် အသင်းနှစ်သင်းကလည်း ဥရောပရဲ့အင်အားအကြီးမားဆုံး ဘောလုံးအသင်းတွေဖြစ်နေတာမို့ ဘောလုံးပရိသတ်တွေအတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားစေမှာ သေချာပါတယ်။ ဒီပွဲစဉ်ရဲ့အကြောင်းကို အသေးစိတ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

လာလီဂါချန်ပီယံဆုနဲ့ လွဲချော်ထားရတဲ့ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားလို့နေပြီး အသင်းမှာလည်း အမ်တီတီတစ်ဦးလောက်ပဲ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရသလို မက်ဆီမှာလည်း ကြံခိုင်မှုပြည့်ဝနေပြီဖြစ်လို့ လူစုံတတ်စုံနဲ့ ဘိုင်ယန်ကို ရင်ဆိုင်သွားနိုင်မှာပါ။ ကွင်းလယ်မှာလည်း နာပိုလီနဲ့ပွဲအတွင်း ပွဲပယ်ခံထားရတဲ့ ဘူးစကတ်စ်နဲ့ ဗီဒယ်တို့ ဒီပွဲမှာ ပြန်လည်ပါဝင်နိုင်တော့မှာဖြစ်လို့ ကွင်းလယ်အားလည်းကောင်းနေမှာပါ။ ဒါပေမယ့် ဘာစီလိုနာအသင်းက ဒီရာသီ အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်း တိမ်းစောင်းမှုတွေ ရှိခဲ့တာကိုတော့ သတိထားဖို့ လိုပါမယ်။

ဘိုင်ယန်က ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ်တိုင်းမှာ နိုင်ပွဲရယူနိုင်ခဲ့သလို အသင်းရဲ့တိုက်စစ်က လီဝန်ဒေါစကီးကလည်း ဂိုးသွင်းအားတွေ အရမ်းကို ကောင်းမွန်လွန်းနေပါတယ်။ နောက်ပြီးရှေ့လယ်နောက် နေရာစုံမှာ အကောင်းဆုံးပုံစံရလို့နေပြီး ပါဗာတစ်ဦးလောက်ပဲ ဒဏ်ရာကြောင့် မပါဝင်နိုင်တာကလွဲရင် ဘိုင်ယန်ဘက်မှာလည်း အင်အားက အတော်လေးကို တောင့်တင်းလွန်းနေပါတယ်။ ဘိုင်ယန်က ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ်တွေအားလုံးအတွင်းကမှ ပွဲစဉ်(၅)ပွဲမှာ ပထမပိုင်းကတည်းက ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းဘက်ကိုလည်း သွင်းဂိုးများစွာ ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်က မက်ဆီကိုတော့ အတော်လေး ထိန်းချုပ်ရဖွယ် ရှိနိုင်ပါတယ်။

ဒီပွဲမှာ ဘယ်အသင်းအသာရသွားမလဲလို့ မှန်းဆရခက်နေပါတယ်။ လက်ရှိအနေအထားအရဆိုရင်တော့ ဘိုင်ယန်က သာနေတယ်ဆိုပေမယ့် ဘာစီလိုနာမှာလည်း ဘိုင်ယန်ကို ကျော်ဖြတ်သွားနိုင်တဲ့ စွမ်းရည်တွေ ရှိနေသေးတာပဲ။ ဘာစီလိုနာဘက်မှာတော့ ဘိုင်ယန်ထက် ဖိအားနည်းနည်းလေးတော့ ဝင်နေလောက်တယ်။ အသင်းရဲ့လားရာနဲ့ နည်းပြရဲ့အနာဂတ်အခြေအနေတွေကြောင့် ဖိအားဝင်နေတဲ့ ဘာစီလိုနာကို ဘိုင်ယန်ဘက်ကနေသာ စတင်ဦးဆောင်ခွင့်ရခဲ့မယ်ဆိုရင် ဘိုင်ယန်ပိုအားသာသွားပါလိမ့်မယ်။ မက်ဆီနဲ့လီဝန်ဒေါစကီး စတီဂန်နဲ့နူအာ ဆယ်တီယန်နဲ့ဖလစ်တို့ အားပြိုင်ပွဲမှာ ဘာစီလိုနာကိုပဲ ဆီမီးတတ်မယ့်အသင်းအဖြစ် ရွေးချယ်သွားချင်ပါတယ်။