စပိန်အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ နေမာကို ပြင်သစ် အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ပီအက်ဂျီ အသင်းကနေ ပြန်လည် ခေါ်ယူဖို့အတွက် သူတို့ အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂရစ်မန်း ကို အလိုက်ပေးဖို့ လုပ်နေတယ်လို့ စပိန်သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းဟာ နေမာထွက်ခွာသွားပြီး နောက်ပိုင်း မှာ နေမာရဲ့ နေရာကို အစားထိုးဖို့ ဒမ်ဘီလီ ၊ ကော်တင်ဟို ၊ ဂရစ်မန်းစတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် ထင်ထားသလို အဆင်မပြေတာကြောင့် နေမာကိုပဲ အသင်းထံ ပြန်လည် ခေါ်ယူဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail.com

တစ်ဖက်မှာလည်း ပီအက်ဂျီအသင်းဟာ မကြာမီမှာ ယူအီးအက်ဖ်အေရဲ့ FFP စည်းမျဉ်းနဲ့ စုံစမ်းခံရမယ့် အနေအထား ရှိနေတာကြောင့် သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားတချို့ကို လက်လွှတ်ရဖို့ ရှိနေပြီး အသင်းရဲ့လူငယ် ကစားသမားဖြစ်တဲ့ အမ်ဘာပေကို အသင်းမှာ ဆက်ပြီး ထိန်းထားနိုင်ဖို့ နေမာကို ရောင်းချဖို့ စဉ်းစားနေပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာ အသင်းအနေနဲ့ နေမာကို ပြန်လည်ခေါ်ယူဖို့ အတွက် ကြိုးပမ်းမယ့် အစီအစဉ်ဟာ ချောမွေ့ဖို့ ရှိနေပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ နေမာကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ဂရစ်မန်းနဲ့အတူ ပြောင်းရွှေ့ကြေး ပေါင်၈၀သန်းနဲ့ ပီအက်ဂျီအသင်းထံ ကမ်းလှမ်းမှုတစ်ခု ပြုလုပ် ထားတယ်လို့ ပြင်သစ်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Daily Mail.com

အသက်၂၈နှစ်အရွယ် နေမာဟာ လက်ရှိမှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ရရှိမယ့် အသက်အရွယ် ရှိနေပြီဖြစ်ပြီး သူဟာ မက်ဆီ အပေါ်မှာပဲ မူတည်နေတဲ့ ဘာစီလိုနာအသင်းရဲ့ ဖိအားတွေကို မျှဝေပေးနိုင်မယ့်သူအဖြစ် ဘောလုံးကျွမ်းကျင်သူတွေနဲ့ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေက ရှုမြင်ထားကြပါတယ်။ နေမာရဲ့ အပြောင်းအရွှေ့မှာ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်မယ့် ဂရစ်မန်းအနေနဲ့လည်း သူ့ရဲ့ မွေးရပ်မြေ အသင်းတစ်သင်းဖြစ်တဲ့ ပီအက်ဂျီ အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရှိရပြီး ဘာစီလိုနာအသင်းဟာ ဂရစ်မန်းကို ပီအက်ဂျီအသင်းထံ ပြောင်းရွှေ့ပေးမှုအတ​ွက် အပိုဆုကြေး ပေးချေရဖို့ရှိတယ်လို့ ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟထားခဲ့ကြပါတယ်။