စပိန်လာလီဂါ ထိပ်သီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းကနေ ပြင်သစ် အင်အားကြီးအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းထံကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို၂၂၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာကို ပြန်လည် ခေါ်ယူဖို့အတွက် အပြင်းအထန် ကြိုးစားလာပါပြီ။ ဘာစီလိုနာအသင်းဟာ အသက်အရွယ် ရလာပြီဖြစ်တဲ့ မက်ဆီ ၊ ဆွာရက်ဇ်တို့လို အဓိက တိုက်စစ်မှူးတွေ အနားယူသွားရင် အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်မယ့်သူအဖြစ် နေမာကို ရှုမြင်နေပြီး လာမယ့်နွေရာသီမှာ နေမာကို မရရတဲ့ နည်းလမ်းနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဘာစီလိုနာအခြေစိုက် သတင်းဌာနတွေနဲ့ ဥရောပအခြေစိုက် သတင်း ဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Metro.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ နေမာ အတွက် ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၁၈၀သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဘက်က ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဒါ့ကြောင့်လဲ ဘာစီလိုနာအသင်းဟာ နေမာကို ခေါ်ယူနိုင်ဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ စည်းမျဉ်းတစ်ခုကို အကူအညီယူကာ ကြိုးစားသွားဖို့ ပြင်ဆင်နေပြီး အဆိုပါစည်းမျဉ်းနဲ့ဆိုရင် နေမာကို ပြန်လည်ခေါ်ယူနိုင်ဖို့ လွယ်ကူ သွားနိုင်ကြောင်း ယုံကြည်နေပါတယ်။ ဘာစီလိုနာအသင်း အသုံးပြုသွားမယ့် စည်းမျဉ်းကတော့ ဖီဖာရဲ့ Article 7ပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

ဖီဖာရဲ့ Article 7 ဟာ ဘောလုံးလောကမှာ လူသိနည်းတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပြီး အဆိုပါ စည်းမျဉ်းကို အကျဉ်းချုပ်ပြီး ရှင်းပြရရင် ကစားသမားတစ်ဦးဟာ သူ့ရဲ့ သက်ဆိုင်ရာ ကလပ် အသင်းမှာ သုံးနှစ်ပြည့်သည်အထိ နေပြီးလျှင် အသင်းကနေ ထွက်ခွာခွင့် ရရှိဖို့ တောင်းဆိုလို့ရတဲ့ စည်းမျဉ်းပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်း နဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ နေမာဟာ လာမယ့် ဇူလိုင်လမှာဆိုရင် ပီအက်စ်ဂျီအသင်း ထံကို ပြောင်းရွှေ့လာတာဟာ သုံးနှစ်ပြည့်မှာ ဖြစ်ပြီး သုံးနှစ်ပြည့်ပြီးပါက နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခွင့်ရဖို့ တောင်းဆိုသွားမှာဖြစ်ကာ အဆိုပါအချိန်ရောက်ရင် ပီအက်စ်ဂျီအသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး ဆွေးနွေးရတော့မှာလို့ သိရပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေက နေမာဟာ ဘာစီလိုနာအသင်းထံကို လာမယ့် ရာသီမှာ ကျိန်းသေပေါက် ရောက်ရှိသွားမယ် လို့ သုံးသပ်ထားကြပါတယ်။