စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာဟာ ဂျူဗင်တပ်အသင်း ကနေ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်နေတဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူဖို့ စီမံနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြ လာကြပါတယ်။ အသက် ၃၆နှစ် အရွယ် ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းက ခန့်အပ်ခဲတဲ့ နည်းပြသစ် အယ်လီဂရီနီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ရိုနယ်ဒိုရဲ့ ခြေစွမ်းနဲ့ များပြားတဲ့ ပရိသတ် အင်အားကြောင့် ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒို အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အထိ လိုချင်နေပြီး လက်ရှိမှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ AS English သတင်းဌာနရဲ့ ဖော်ပြချက် အရ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာဟာ အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမားတွေ ဖြစ်တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟို ၊ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ်တို့နဲ့ ရိုနယ်ဒိုကို အလဲအထပ် လုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဘဏ္ဍာရေး အကျပ်အတည်းကြား ကနေ အသင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး ဂျူဗင်တပ်အသင်း ကနေ ရောင်းချမယ့် ရိုနယ်ဒိုဟာ လက်ရှိအချိန် အထိ ဥရောပရဲ့ ထိပ်သီး တိုက်စစ်မှူး တဦး ဖြစ်နေဆဲ ဖြစ်သလို ရိုနယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အတွဲအဖက်ဟာ ဘောလုံးပရိသတ်တွေ မြင်ချင်နေကြတဲ့ အတွဲအဖက် တခု ဖြစ်တာကြောင့် ရိုနယ်ဒိုကိုသာ ခေါ်ယူနိုင်ရင် ဘာစီလိုနာအသင်းရဲ့ ဝင်ငွေတွေဟာ တဟုန်ထိုး မြင့်တက်လာနိုင်တာကြောင့် လာပေါ်တာက ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် ရိုနယ်ဒိုဟာ ဘာစီလိုနာအသင်းရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္တဝင် ကစားသမား တဦးအဖြစ် သတ်မှတ်ခံထားရသလို ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်တဲ့ မက်ဆီရဲ့ မဟာပြိုင်ဘက် ဖြစ်တာကြောင့် လာပေါ်တာဟာ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ အလွန်အမင်း ကြိုးစားရဖွယ် ရှိပါတယ်။