စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ချန်ပီယံရှစ်ကလပ် လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား အန်ဒီဒီကို ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ စတင် လှုပ်ရှားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘာစီလိုနာက ကွင်းလယ်ခံစစ်ပိုင်းမှာ ဒီဂျောင်နဲ့ ရိုမီယူတို့ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် ဘာစီလိုနာနည်းပြချုပ် ဇာဗီက ရိုမီယူရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် လာမယ့် နွေဈေးကွက်မှာ ရိုမီယူကို ရောင်းထုတ်ပြီး ကွင်းလယ်ခံစစ် ကစားသမား တဦးကို ထပ်ခေါ်ချင်နေပါတယ်။

Photo Credit: Guardian

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် နိုင်ဂျီးရီးယား ကွင်းလယ်ခံစစ် ကစားသမား အန်ဒီဒီက လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား ဖြစ်ပြီး လက်စတာ စီးတီးက သူ့ကို စာချုပ်သစ် ချုပ်ဖို့ ကြိုးစားနေပေမယ့် အန်ဒီဒီကတော့ လာမယ့် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အန်ဒီဒီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားထားပြီး ဘာစီလိုနာဟာ အန်ဒီဒီနဲ့ လာမယ့် ဆောင်းဈေးကွက်မှာပဲ အကြို သဘောတူညီမှု ရယူနိုင်အောင် ကြိုးစားသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Goal

ဒါပေမယ့် အန်ဒီဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဟာ ဘာစီလိုနာ တသင်းထဲ မဟုတ်ပဲ ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေကလည်း အန်ဒီဒီရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

အန်ဒီဒီကတော့ သူ့အတွက် ပွဲထွက်ခွင့် သေချာမယ့် အသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာက အန်ဒီဒီကို ခေါ်ယူပြီးရင် ရိုမီယူကို ပြောင်းရွှေ့ကြေး ယူရို ၅သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ချင်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။