စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ် တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ အတွက် စတင် ချိတ်ဆက် လာတယ်လို့ သိရပါတယ်။ အသက်၂၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားဟာ လက်ရှိ ဘောလုံးရာသီမှာ မန်စီးတီးအသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ပွဲအထိ ပါဝင် ကစားပေးနိုင်ခဲ့ပြီး ၆ဂိုး သွင်းယူကာ ၇ဂိုး ဖန်တီး ပေးနိုင်ခဲဲ့တဲ့ ကစားသမား ဖြစ်ကာ ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ ဖန်တီးမှု အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အဆင့်မြှင့်ဖို့ အတွက် ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ဗီဒယ် ၊ ရာကီတစ် ၊ ဒီဂျောင် ၊ ဘက်စ်ကွက် ၊ ဖာတီ စတဲ့ ကွင်းလယ် ကစားသမားတွေကို ပိုင်ဆိုင် ထားပေမယ့် ဖာတီ တစ်ဦးတည်းကသာ ဖန်တီးမှုပိုင်း အားသန်တဲ့ ကစားသမားအဖြစ် ရှိနေပြီး ဖာတီဟာလည်း ငယ်ရွယ်သေးတာကြောင့် အသင်းရဲ့ ကစားပုံနဲ့ အံဝင်ကာ ဖန်တီးမှု အားကောင်းတဲ့ ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူချင်နေတာပါ။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ ဘာနာဒို ဆေးလ်ဗားကို သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ထားပြီး အသင်းရဲ့ နောက်ခံလူ ဆီမီဒိုကို အလိုက်ပေးကာ ဘာနာဒို ဆေးလ်ဗား ကို ကမ်းလှမ်းမယ်လို့လည်း သိရပါတယ်။

Photo Credit: Sky Sports

ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်ကာလ အတွင်းမှာ ဘဏ္ဏာရေး အခက်အခဲတွေနဲ့ ရင်ဆိုင် ရမယ့် အနေအထားမှာ ရှိနေတာကြောင့် လက်ရှိ နွေစျေးကွက်မှာ ပြောင်းရွှေ့ကြေး များများစားစား အသုံးမပြုလိုပဲ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူရာမှာ ဆီမီဒိုနဲ့ အလဲအထပ် လုပ်ဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ မန်စီးတီးအသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားလို ဖြစ်နေတဲ့ ဘာနာဒို ဆေးလ်ဗားကို လက်လွှတ်ဖို့ ဆန္ဒမရှိပဲ ဘာနာဒို ဆေးလ်ဗားအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး တစ်ခုကို ရမှသာ ရောင်းချသွားမယ့် အနေအထားမှာ ရှိနေပါတယ်။ စပိန် အခြေစိုက် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ မန်စီးတီးအသင်းဟာ ဆီမီဒိုကို ရရှိရင် ခေါ်ယူမယ့် အနေအထားမှာ ရှိတာကြောင့် ဘာနာဒို ဆေးလ်ဗားအတွက် ဆွေးနွေးမှုတွေဟာ ဖြစ်ပေါ်လာဖွယ် ရှိတယ်လို့ သုံးသပ် ထားပါတယ်။