လာလီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းနဲ့အပြိုင် လာလီဂါ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ ပြိုင်ဘက် ဂျီရိုနာရဲ့ အဓိက ကွင်းလယ်လူ ဂါစီယာကို ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ The Athleticက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးရဲ့ မိတ်ဖက်ကလပ် ဖြစ်တဲ့ ဂျီရိုနာက ဒီရာသီမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ မှန်ကန်တဲ့ စုဖွဲ့မှုတို့ကြောင့် ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိနေပြီး လာလီဂါချန်ပီယံဆု အတွက် ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းတွေနဲ့ပါ ပြိုင်ဆိုင်နေရပါတယ်။

Photo Credit: Standard

ဂျီရိုနာက ယခုနှစ် လာလီဂါပြိုင်ပွဲမှာ ၁၉ပွဲ ကစားထားရာ ၁၅ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပြီး ရမှတ် ၄၈မှတ် စုဆောင်းထားနိုင်တာကြောင့် အဆင့်(၂)နေရာကို ရောက်ရှိနေကာ အဆင့်(၁)မှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့လည်း ဂိုးကွာခြားချက်သာ ကွာဟနေပါတယ်။

အသက် ၂၆နှစ် အရွယ် ပူပူနွေးနွေး စပိန်လက်ရွေးစင် ကွင်းလယ်လူ ဂါစီယာက ဂျီရိုနာရဲ့ နိုင်ပွဲတွေ အတွက် အဓိကကျနေသူ ဖြစ်ပြီး သူက ဒီရာသီမှာ ဂျီရိုနာအတွက် လာလီဂါပွဲ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ဂါစီယာကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို ကစားသမားရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်နေပြီး ဘာစီလိုနာဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိရင် ဂျီရိုနာနဲ့ ပြောင်းရွှေ့ကြေးကိစ္စကို ဆွေးနွေးမယ်လို့ သိရပါတယ်။

ဘာစီလိုနာက ဂါစီယာကို ခေါ်ယူချင်သလို ဂါစီယာကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေပေမယ့် ဂျီရိုနာဟာ သူတို့ရဲ့ အဓိက ကွင်းလယ်လူကို ပြိုင်ဘက် ဘာစီလိုနာဆီ မရောင်းချချင်သလို ဂျီရိုနာရဲ့ တာဝန်ရှိသူတွေက ရိုမီယူရဲ့ အပြောင်းအရွှေ့မှာ ဘာစီလိုနာရဲ့ လုပ်ရပ်တွေကို သဘောမကျတာကြောင့် ဘာစီလိုနာဟာ ဂါစီယာကို ခေါ်ယူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမယ်လို့ The Athleitcရဲ့ ဖော်ပြချက်ထဲမှာ ပါဝင်ပါတယ်။