စပိန်လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာကို ခေါ်ယူဖို့ အတွက် စတင် ကြိုးပမ်းလာတယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၉ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ စပိန် ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံး ဗဟိုကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူပါ။

Photo Credit: Marca

အယ်ကန်တာရာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ ဘွန်ဒက်လီဂါချန်ပီယံဆု ၊ ဂျာမန်ပိုကယ်ဖလားနဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားတို့ကို တစ်ပြိုင်နက်ထဲ ရယူနိုင်ခဲ့ပေမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်လိုတာကြောင့် ယခုနှစ် နွေစျေးကွက်အတွင်းမှာ အသင်းပြောင်းရွှေ့ခွင့် ပေးဖို့ ဘိုင်ယန်မြူးနစ် အသင်းထံ တောင်းဆိုထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဘက်ကလည်း သူတို့အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အယ်ကန်တာရာကို အသင်းပြောင်းရွှေ့ခွင့် ပေးဖို့ သဘောတူခဲ့ပြီး အယ်ကန်တာရာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်းခန့် ရရှိရင် အယ်ကန်တာရာကို လက်လွှတ်သွားမယ် လို့ အတည်ပြု ပြောကြားထားခဲ့ပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ အယ်ကန်တာရာကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းနဲ့ ပြိုင်ဆိုင်သွားရမှာ ဖြစ်ပြီး ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sport BILD ရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာအသင်းဟာ အယ်ကန်တာရာကို ခေါ်ယူနိုင်ဖို့ အတွက် အရမ်းကို နီးစပ်နေပြီလို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အယ်ကန်တာရာ အတွက် ဘိုင်ယန်မြူးနစ်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်းကို ပေးချေဖို့ လက်တွန့်နေတဲ့ အနေအထားမှာ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်သလို အယ်ကန်တာရာဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းထံ ပြန်လာဖို့ စိတ်ကူးရှိကြောင်း အရိပ်အမြွက် ဖွင့်ဟထားခဲ့ပါတယ်။ ဒါ့ကြောင့် ထိပ်တန်း ခြေစွမ်းကို ပိုင်ဆိုင်တဲ့ ကွင်းလယ်လူတွေကို လိုအပ်နေတဲ့ ဘာစီလိုနာအသင်းဟာ အယ်ကန်တာရာကို ခေါ်ယူဖို့ အတွက် အနီးစပ်ဆုံး အခြေအနေ တစ်ခုမှာ ရှိကြောင်း သုံးသပ်လိုက်ပါရစေ…။