စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဆဲလ်ဘက်အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တဲ့ လူငယ်ကြယ်ပွင့် အဒီယာမီကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး အဒီယာမီဟာ အာလင်း ဟာလန်း ၊ ဆာဘော့ဇလိုင်းတို့လိုပဲ ဆဲလ်ဘက်အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တာကြောင့် ဥရောပ အသင်းကြီး အများစုရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ် ၊ လီဗာပူး စတဲ့ အင်အားကြီးအသင်းတွေလည်း ပါဝင်နေပါတယ်။

Photo Credit: SPORT

အထောင်တိုက်စစ်မှူး ၊ ဘယ်တောင်ပံ ၊ ညာတောင်ပံ စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ အဒီယာမီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆဲလ်ဘက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တာစူနေတဲ့ ဘာစီလိုနာအသင်းဟာ အဒီယာမီကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး အဒီယာမီ ကိုယ်တိုင်ကလည်း သူဟာ ဘာစီလိုနာအသင်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ထုတ်ဖော် ဝန်ခံထားခဲဖူးပါတယ်။

Photo Credit: SPORT

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အဒီယာမီကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို အဒီယာမီကို ၅နှစ် စာချုပ် ချုပ်ဆိုဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေကလည်း ဘာစီလိုနာအသင်းမှာ အဒီယာမီနဲ့ ပတ်သတ်ပြီး အစီအစဉ်တွေ ရှိနေကြောင်း ပြောကြားထားပြီး ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီဟာ ဖာတီ ၊ ဒမ်ဘီလီနဲ့ အဒီယာမီတို့ကို အသင်းရဲ့ အဓိက တိုက်စစ်အတွဲ အဖြစ် သုံးစွဲချင်နေကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။