စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ နေမာကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်မှူး နေမာက ၂၀၁၃ခုနှစ် ကနေ ၂၀၁၇ခုနှစ် အထိ ဘာစီလိုနာမှာ ကစားခဲ့သူ ဖြစ်ပြီး သူက လီယွန်နယ် မက်ဆီ ၊ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ကာ ဘာစီလိုနာကို ဥရောပ ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

၂၀၁၇ခုနှစ်မှာတော့ နေမာက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပြီး နေမာဟာ ပီအက်စ်ဂျီထံ ရောက်ရှိပြီးနောက် သူ လိုချင်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို မရခဲ့သလို ဘာစီလိုနာကလည်း နေမာ မရှိတော့တဲ့ နောက်ပိုင်းမှာ ဥရောပ ချန်ပီယံ မဖြစ်တော့ပါဘူး။

နေမာက ပီအက်စ်ဂျီနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ပီအက်စ်ဂျီက မကြာခဏ ဒဏ်ရာရတတ်တဲ့ နေမာကို ယခု နွေဈေးကွက်အတွင်းမှာ ရောင်းထုတ်ချင်နေပြီး နေမာကလည်း ပီအက်စ်ဂျီပရိသတ်တွေရဲ့ အကြီးအကျယ် ဆန္ဒပြမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အသင်းပြောင်းချင်နေပါတယ်။

Photo Credit: Sporting News

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bein Sportsရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် နေမာကို တရာသီအငှားနဲ့ ပြန်လည် ခေါ်ယူချင်နေပြီး နေမာကလည်း ဘာစီလိုနာဆီ ပြန်ပြောင်းဖို့ သဘောတူထားကာ ဘာစီလိုနာဟာ နေမာရဲ့ အပြောင်းအရွှေ့ အတွက် ပီအက်စ်ဂျီနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီက နေမာကို အပြီးသတ် ရောင်းချချင်နေပေမယ့် ဘာစီလိုနာကတော့ နေမာကို အငှားနဲ့သာ ခေါ်ယူချင်နေကာ ဘာစီလိုနာဟာ နေမာကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။