စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာကတော့ ဆီဗီးလားရဲ့ အဓိက ခံစစ်မှူး ခွန်ဒေကို ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကြယ်ပွင့် ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့တဲ့ ဘာစီလိုနာက အမေရိကန် ဘဏ်တချို့ထံ အသင်းရဲ့ ၁၀နှစ်စာ ရုပ်သံလွှင့်ခရဲ့ တစိတ်တပိုင်းကို ရောင်းချနိုင်ခဲ့ပြီးနောက် ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းလာပြီး ဆီဗီးလားရဲ့ အဓိကနောက်ခံလူ ခွန်ဒေဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုနောက်ခံလူ ခွန်ဒေက ဘော်ဒိုးကနေ ဆီဗီးလားထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းဝင်ထားသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးက သူ့ကို ခေါ်ယူဖို့ ယခင်နှစ် နွေရာသီ အပြောင်းအရွှေ့ထဲက ကြိုးပမ်းခဲ့တာပါ။

Photo Credit: Marca

ယခုနှစ် နွေဈေးကွက် အတွင်းမှာလည်း ချယ်လ်ဆီးက ခွန်ဒေကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဘာစီလိုနာကတော့ နည်းပြချုပ် ဇာဗီရဲ့ တောင်းဆိုချက်အရ ခွန်ဒေကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာကာ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ခွန်ဒေအတွက် ဆီဗီးလားထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုကလည်း ဘာစီလိုနာဟာ ခွန်ဒေကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ဘာစီလိုနာနည်းပြ ဇာဗီက ခွန်ဒေထံ ဖုန်းခေါ်ကာ သူတို့အသင်းဆီ ပြောင်းလာဖို့ ဖျောင်းဖျနေကြောင်းလည်း သိရပါတယ်။