စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့အသင်းရဲ့ နွေဈေးကွက် နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်သူ လီဝမ်ဒေါစကီးကို အမိအရ ခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဆီဗီးလား ခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာနဲ့ တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးတို့ကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူထားပေမယ့် အသင်းရဲ့ ခံစစ်ကြောင်းကို ဆက်လက် အားဖြည့်ချင်နေပြီး ဆီဗီးလားနဲ့အတူ တောက်ပနေတဲ့ ခွန်ဒေဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ်မှူး ခွန်ဒေက ဘော်ဒိုးကနေ ဆီဗီးလားထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ ၁၀ဦး စာရင်းဝင်တဲ့ ထိပ်တန်း ဗဟိုခံစစ်မှူး တဦးပါ။

ဒါကြောင့်ပဲ ဘာစီလိုနာနည်းပြ ဇာဗီက ခွန်ဒေကို ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကလည်း ခွန်ဒေရဲ့ အပြောင်းအရွှေ့ အတွက် ခွန်ဒေရဲ့ အေးဂျင့်နဲ့ရော ၊ ဆီဗီးလားနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်ထားကာ မကြာခင်မှာပဲ ခွန်ဒေအတွက် ဆီဗီးလားထံ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနေပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် ကစားသမား ခေါ်ယူမှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ ကြိုးပမ်းနေကာ ခွန်ဒေကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

တဖက်မှာတော့ ဆီဗီးလားက အသင်းမှာ မနေချင်တော့တဲ့ ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း ရရင် ခွန်ဒေကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာက ခွန်ဒေကို ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးနဲ့ အပြိုင် ကြိုးပမ်းရမယ့် အနေအထားပါ။