စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဂါစီယာနဲ့ အန်ဂျလီနို တို့ နှစ်ဦးစလုံးကို တစ်ပြိုင်နက်ထဲ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆုဖလား အောင်မြင်မှု တစ်ခုမှ မရရှိခဲ့တာကြောင့် အသင်းမှာ ရှိတဲ့ စီနီယာ ကစားသမား အများစုကို ရောင်းထုတ်ကာ အသင်းကို သွေးသစ်လောင်းဖို့ ကြိုးစားနေတဲ့ အသင်းဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးအသင်း ကနေ ထွက်ခွာမယ်လို့ တရားဝင် ပြောဆို ထားတဲ့ ဗဟိုခံစစ်မှူး ဂါစီယာနဲ့ မန်စီးတီးအသင်း ကနေ လစ်ဇက်အသင်းကို အငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အန်ဂျလီနိုတို့ကို သူတို့ရဲ့ ထိပ်သီးပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: AS English

အထူးသဖြင့် ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းကနေ လစ်ဇက်အသင်းထံ အငှားနဲ့ သွားရောက် ကစားကာ လစ်ဇက်အသင်းအား ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ရောက်အောင် ကူညီပေးနိုင်ခဲ့တဲ့ အန်ဂျလီနိုကို အဓိက ခေါ်ယူချင်နေတာ ဖြစ်ပြီး အန်ဂျလီနိုကို ခေါ်ယူနိုင်ဖို့ အတွက်တော့ လစ်ဇက်အသင်းနဲ့ ပြိုင်ဆိုင် သွားရမှာလည်း ဖြစ်ပါတယ်။ အသက်၂၃နှစ်အရွယ် သာ ရှိသေးတဲ့ စပိန် ကစားသမား အန်ဂျလီနိုဟာ ကွင်းလယ် ဘယ်ခြမ်းနဲ့ ဘယ်နောက်ခံလူ နေရာတို့မှာ ကစားနိုင်သူ ဖြစ်ပြီး အတက်အဆင်း မြန်သလို တိုက်စစ်ပိုင်းကို ကူညီရာမှာလည်း ကောင်းမွန်တာကြောင့် ဘာစီလိုနာအသင်းဟာ အသက်အရွယ် ရလာတဲ့ အယ်လ်ဘာရဲ့ နေရာမှာ အန်ဂျလီနိုကို အစားထိုးဖို့ ကြိုးစားနေတာပါ။

Photo Credit: AS English

မန်စီးတီးအသင်း ကတော့ အန်ဂျလီနိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၃၀သန်း သတ်မှတ် ထားပြီး သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်တဲ့ အသင်းကိုသာ အန်ဂျလီနိုအား ရောင်းချသွားမယ် လို့ အင်္ဂလန် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရထားရပါတယ်။ လက်ရှိမှာတော့ လစ်ဇက်အသင်းဟာ အန်ဂျလီနို ကို ခေါ်ယူနိုင်ဖို့ ပိုမို အလေးသာတဲ့ အနေအထားမှာ ရှိနေပြီး အန်ဂျလီနိုကို အငှားနဲ့ ခေါ်ယူစဉ်မှာ အပြီးသတ် ခေါ်ယူခွင့်ကိုပါ ထည့်သွင်းထားတာကြောင့် မန်စီးတီးအသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်၃၀သန်းကို ပေးချေဖို့ ဆန္ဒရှိပါက အန်ဂျလီနိုကို အပြီးသတ် ခေါ်ယူနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ စပိန်သား တစ်ဦးဖြစ်တဲ့ အန်ဂျလီနို ဟာ ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေပြီး ဘာစီလိုနာအသင်းနဲ့ လစ်ဇက်အသင်းတို့ အပြိုင် ဖြစ်လာပါက ဘာစီလိုနာအသင်းကိုသာ ရွေးချယ်ဖွယ် ရှိကြောင်း သိရှိရပါတယ်။