စပိန်လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အင်တာမီလန်အသင်း တိုက်စစ်မှူး မာတီနက်စ် ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတဲ့ အူဘာမီယန်းကိုသာ ပြောင်းလဲခေါ်ယူတော့မယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ မက်ဆီ ၊ ဆွာရက်ဇ် ၊ ဂရစ်ဇ်မန်းစတဲ့ ကမ္ဘာ့အဆင့် ထိပ်တန်း တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားခဲ့ပေမယ့် မက်ဆီနဲ့ ဆွာရက်ဇ်တို့ အသက်အရွယ် ရလာချိန်မှာ ဂရစ်ဇ်မန်းနဲ့အတူ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို ရှာဖွေ နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sportbible

ဘာစီလိုနာအသင်းဟာ ကနဦးမှာ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မာတီနက်စ်အတွက် အင်တာမီလန်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၁၁သန်း ကို ပေးချေဖို့ ဆန္ဒမရှိတာကြောင့် မာတီနက်စ် ကို ခေါ်ယူမယ့် အစီအစဉ်ကို လက်လျော့လိုက်ပြီ ဖြစ်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုထားကြပါတယ်။ 90Min သတင်းဌာနရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့ တိုက်စစ်မှူး အူဘာမီယန်း ကို ခေါ်ယူဖို့ ချိတ်ဆက်လာကြောင်းနဲ့ အူဘာမီယန်းဘက်ကလည်း အာဆင်နယ်အသင်းရဲ့ အခြေအနေတေ​ွကို စိတ်ပျက်နေကြောင်းနဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

Photo Credit: Sportbible

အသက်၃၁နှစ်အရွယ် တိုက်စစ်မှူး အူဘာမီယန်းဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ပွဲ ပါဝင် ကစားထားရာမှာ ၁၇ဂိုး သွင်းယူပေးထားပြီး ၁ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ကာ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ် အသင်းဟာ အူဘာမီယန်းကို စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်နေပေမယ့် အူဘာမီယန်း တောင်းဆိုတဲ့ တစ်ပတ်လုပ်ခလစာ ပေါင်၃သိန်း နဲ့ ၃နှစ်စာချုပ် ချုပ်ဆိုရမယ်ဆိုတဲ့ အချက်တွေကို မလိုက်လျောနိုင်သေးတာကြောင့် စာချုပ် သက်တမ်းတိုးဖို့ ကိစ္စဟာ မရေမရာ ဖြစ်လို့ နေပါတယ်။ ဘာစီလိုနာအသင်း ကတော့ အဆိုပါ အခြေအနေတွေကို အသုံးချပြီး အူဘာမီယန်း ကို ခေါ်ယူသွားမှာ ဖြစ်ကာ အူဘာမီယန်းရဲ့ အပြောင်းအရွှေ့အတွက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်၃၅သန်းခန့် ပေးချေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။