စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကတော့ သူတို့အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ကော်တင်ဟိုကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းထဲနဲ့ ရောင်းချသွားမယ့် အကြောင်း ဥရောပ အသင်းကြီးတချို့ကို အကြောင်းကြားထားတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းဆီ မပြောင်းရွှေ့မီမှာ အသင်းတိုင်းက လိုချင်တဲ့ ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရကာ ပုံမှန် ကစားခွင့် ပျောက်ဆုံးနေတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အသင်းမှာ ရှိတဲ့ လုပ်ခလစာမြင့် ကစားသမား တချို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ လိုအပ်နေတာကြောင့် ယခုလို နည်းပါးတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ကော်တင်ဟိုကို ရောင်းထုတ်ဖို့ စီစဉ်နေတာပါ။

ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဥရောပ အခြေစိုက် အသင်းကြီး အတော်များများဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခု အတွင်းမှာ ပုံမှန် ကစားခွင့် မရခဲ့တဲ့ ကော်တင်ဟိုကို ခေါ်ယူမယ့် အစီအစဉ်ဟာလည်း အတော်လေးကို စွန့်စားရမယ့် ကိစ္စတခု ဖြစ်တာကြောင့် လက်ရှိအချိန် အထိ ကော်တင်ဟိုကို ခေါ်ယူချင်တဲ့ အသင်းတွေ မရှိသေးဘူးလို့ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Marca

ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ကော်တင်ဟိုလို ထိပ်တန်း ကွင်းလယ်လူ တဦးကို ခေါ်ယူနိုင်မယ့် အခွင့်အရေးဟာ အတော်လေးကို ကောင်းမွန်တာကြောင့် အေစီမီလန်အသင်း အပါအဝင် အီတလီ အခြေစိုက် အသင်းကြီး တချို့က ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကော်တင်ဟိုရဲ့ မြင့်မားတဲ့ လုပ်ခလစာဟာ သူတို့အသင်းတွေ အတွက် အခက်အခဲ ဖြစ်နေပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marcaရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ လက်ရှိမှာ ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံးအသင်း ဖြစ်နေပေမယ့် အေစီမီလန်အသင်းဟာ ကော်တင်ဟိုကို တရာသီအငှား + ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့်နဲ့သာ ကမ်းလှမ်းထားပြီး ဘာစီလိုနာအသင်း ကတော့ အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချဖို့ စဉ်းစားနေကြောင်း သိရပါတယ်။