MySport Myanmar

အယ်လ်ကလက်စီကိုဒါဘီပွဲမှာ Drake ရဲ့ လိုဂိုကို ဝတ်ဆင်သွားမယ့် ဘာစီလိုနာ

လာမယ့် တနင်္ဂနွေနေ့ ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်သွားရမယ့် အက်လ်ကလက်စီကိုဒါဘီပွဲစဉ်အတွင်း ဘာစီလိုနာအသင်းက သူတို့အသင်းရဲ့ စပွန်ဆာကြီးဖြစ်တဲ့ Spotify နဲ့ စပ်လျဉ်းပြီး ကမ္ဘာကျော် ရက်ပ်အဆိုတော် တစ်ဦးဖြစ်တဲ့ ဒရိတ်(Drake)ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒရိတ်ရဲ့ လိုဂိုဖြစ်သော ဇီးကွက်ရုပ်ပုံလေး ထည့်သွင်းထားတဲ့ ဂျာစီကို ဝတ်ဆင်သွားမယ်လို့ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit : Footy Headline

အသက်(၃၅)နှစ်အရွယ် ကနေဒီးယန်းလူမျိုး rapper ဒရိတ်ဟာ Spotify streams မှာ (၅၀)ဘီလီယံအထိ ရောက်ရှိခဲ့ရတဲ့ ပထမဆုံး အနုပညာရှင် ဖြစ်လာခဲ့တဲ့အတွက် Spotify နဲ့ ပူးပေါင်းထားတဲ့ ဘာစီလိုနာအသင်းက ဒီတစ်ပတ် weekend အတွင်းမှာ ဒရိတ်ကို ဂုဏ်ပြုတဲ့ အစီအစဉ်အဖြစ် ဒရိတ်ရဲ့လိုဂိုကို အသင်းဂျာစီမှာ ထည့်သွင်းဝတ်ဆင်သွားဖို့ စီစဉ်လာခဲ့ပါတယ်။ ဒီလို စီစဉ်မှုကနေ ကမ္ဘာ့အကျော်ကြားဆုံး အနုပညာရှင်တစ်ဦးက ဘောလုံးနဲ့ ဂီတကို အတူတကွ ဖြစ်လာအောင် လုပ်ဆောင်ပေးလာနိုင်မယ့်အပြင် ဘောလုံးပရိသတ်တွေနဲ့ ဂီတပရိသတ်တွေကိုလည်း အားလုံး စုပေါင်းချိတ်ဆက်မိစေနိုင်တယ်လို့ ဘာစီလိုနာအသင်းဘက်က ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒါကြောင့် ဘာစီလိုနာအသင်းဟာ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် အယ်လ်ကလက်စီကို ပွဲစဉ်အတွင်း ဒရိတ်ရဲ့ ဇီးကွက်လိုဂိုလေးကို Spotify စပွန်ဆာနေရာမှာ ဝတ်ဆင်သွားမှာ ဖြစ်တဲ့အတွက် အမြင်တစ်မျိုးလေး ဆန်းပြားနေမှာ သေချာပါတယ်။ ဒါပေမယ့်လည်း ဗြိတိန်မှာ ရှိကြတဲ့ ဘာစီလိုနာအသင်း ပရိသတ်တွေကတော့ ဘာစီလိုနာအသင်းရဲ့ ဇီးကွက်ပုံက လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝင့်စ်ဒေးအသင်းရဲ့ လိုဂိုနဲ့ ဆင်တူနေတယ်ဆိုပြီး လှောင်ပြောင်နေကြပါတယ်။ ပရိသတ်အများစုက ဘာစီလိုနာအသင်းအနေနဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကို အဆင်ပြေစေနိုင်ဖို့အတွက် ကမ္ဘာ့ပထမဆုံးအနေနဲ့ ဘောလုံးအသင်း တစ်သင်းရဲ့ လိုဂိုကို စပွန်ဆာအဖြစ် ဖော်ပြပေးနေတာဖြစ်တယ်လို့ လှောင်ပြောင်နေကြပါတယ်။

Photo Credit : AS English

ဒါပေမယ့် ဒီတစ်ကြိမ် El Clasico ပွဲကတော့ ဒီစပွန်ဆာ အခြေအနေတွေထက်ကို ပိုမို စိတ်လှုပ်ရှားဖို့ကောင်းနေမှာ သေချာပါတယ်။ နှစ်သင်းလုံးက လာလီဂါမှာ ရမှတ်တူ အနေအထားမျိုး ဖြစ်နေတဲ့အပြင် လုံးဝလည်း ရှုံးပွဲမရှိကြသေးတာဖြစ်လို့ ဒီပွဲစဉ်မှာ ဘယ်အသင်းက ဒီရာသီရဲ့ ပထမဆုံးသော လာလီဂါ ရှုံးပွဲကို စတင် ကြုံတွေ့သွားမလဲဆိုတာ ရင်ခုန်စရာကောင်းနေရပါတယ်။

Exit mobile version