စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးရဲ့ ဘယ်နောက်ခံလူ အလွန်ဆိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

ယခု နွေဈေးကွက် အတွင်းမှာ လူဝယ်ကြမ်းနေတဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ဘယ်နောက်ခံ နေရာအတွက် ချယ်လ်ဆီးရဲ့ အဓိက ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုကို ခေါ်ယူ အားဖြည့်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး အလွန်ဆိုကလည်း သူ့ရဲ့ မွေးရပ်မြေ စပိန်နိုင်ငံကို ပြန်လည် ပြောင်းရွှေ့ဖို့ အာသီသ ရှိနေသူပါ။

Photo Credit: Marca

ဘာစီလိုနာက မားကို့စ် အလွန်ဆိုကို ခေါ်ယူဖို့ အတွက် ယခု နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ကနဦးမှာ ဘာစီလိုနာက အလွန်ဆိုနဲ့ အက်စ်ပီလီကွီတာတို့ နှစ်ဦးစလုံးကို ချယ်လ်ဆီးကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အက်စ်ပီလီကွီတာက ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် အလွန်ဆို တဦးထဲကိုပဲ ခေါ်ယူနိုင်ဖို့ ဖြစ်လာခဲ့တာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်တဲ့ အနေအထား တခုကို ရောက်ရှိနေကာ အလွန်ဆိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို ရရှိထားတာကြောင့် ချယ်လ်ဆီးနဲ့ သဘောတူညီမှု ရရှိရင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရှိနေသလို ချယ်လ်ဆီးကလည်း ကူကူရယ်လာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အလွန်ဆိုကို ရောင်းထုတ်ရန် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ရိုမဲရိုးကလည်း ဘာစီလိုနာဟာ အလွန်ဆိုကို ခေါ်ယူနိုင်တော့မယ် ဆိုတဲ့ သတင်းတွေကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဘာစီလိုနာက လာမယ့် ရက်သတ္တပတ်အတွင်း အလွန်ဆိုကို အပြီးသတ် ခေါ်ယူနိုင်ချေ ရှိနေကြောင်းလည်း ဆိုပါတယ်။