ဘာစီလိုနာနည်းပြသစ် ဇာဗီဟာနန်ဒက်ဇ်ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နှလုံးနဲ့ပတ်သက်ပြီး ဝေဒနာတစ်ခု ခံစားနေရပြီး လအတန်ကြာ အနားယူရမှာတဲ့ ဆာဂျီယိုအဂွဲရိုးနဲ့ ဒဏ်ရာပြသာနာကြောင့် အနားယူနေရသေးတဲ့ မာတင်ဘရေ့ဝိတ်တို့အပြင် ဆီဗီလာကနေ အငှားခေါ်ထားတဲ့ လုခ်ဒီဂျောင်ကပါ အသင်းနဲ့ အံ့မဝင်နိုင်သေးတာဖြစ်လို့ လာမယ့် ဆောင်းစျေးကွက်မှာပဲ အသင်းတိုက်စစ်ပိုင်းအတွက် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား တီမိုဗာနာကို အငှားစာချုပ်နဲ့ ခေါ်ယူအားဖြည့်သွားဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Evening Standard

လက်ရှိ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ မန်ဖစ်ဒီပိုင်း လုခ်ဒီဂျောင်တို့သာ ဒဏ်ရာကင်းစင်လျက် ရှိနေပေမယ့်လည်း ဒီနယ်သာလန် ကစားသမား(၂)ယောက်လုံးကလည်း အသင်းအတွက် မရှိမဖြစ် ကစားသမားပုံစံမျိုးမှာ ရှိမနေသလို ဂိုးပုံမှန် သွင်းယူပေးနိုင်သူတွေလည်း မဟုတ်တာကြောင့် လာမယ့် စျေးကွက်ထဲမှာပဲ တိုက်စစ်ကစားသမားသစ်တွေကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ကာဗာနီ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား စတာလင်တို့အပြင် ချယ်လ်ဆီးတိုက်စစ်မှူး ဗာနာကိုပါ ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : 90Min

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဗာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်ရာသီမှာပဲ ဥရောပချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အင်္ဂလန်မြေမှာ အံ့ဝင်ခွင်ကျဖြစ်အောင် ကစားနိုင်ဖို့ ရုန်းကန်နေခဲ့ရသလို ဒီနှစ်ရာသီအတွင်းမှာလည်း ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ဒီနှစ်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အသင်းသားဟောင်းဖြစ်သူ လူကာကူကို ခေါ်ယူထားခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ဗာနာထက် လူကာကူကိုသာ ဦးစားပေး အသုံးပြုနေတာဖြစ်လို့ ဗာနာရဲ့ အခြေအနေကို ကလပ်အသင်းများစွာက စောင့်ကြည့်လျက်ရှိနေပြီး တိုက်စစ်ပိုင်း လိုအပ်ချက်ရှိနေတဲ့ ဘာစီလိုနာအသင်းအပြင် ငွေကြေးပိုင်း အလွန်ကြွယ်ဝလှတဲ့ လုပ်ငန်းစုရှင် ပိုင်ရှင်အသစ်တွေရဲ့လက်အောက်ကို ရောက်ရှိနေရတဲ့ နယူးကာဆယ်အသင်းကပါ ဗာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။