ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ပြသာနာတွေကြောင့် လာမယ့် ဘောလုံးရာသီအတွင်း ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံရနိုင်ဖွယ် ရှိနေကြောင်း ဂျာမနီနိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

ဂျာမနီ နေ့စဉ်သတင်းစာ Die Welt ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ အသင်း ဘဏ္ဍာရေး အခြေအနေက ကမောက်ကမတွေ ဖြစ်ပေါ်နေပြီး UEFA ဘက်ကနေ ရရှိထားတဲ့ သတင်းရင်းမြစ်တွေမှာ ဘာစီလိုနာက ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲတွေကနေပါ ထုတ်ပယ်ခံရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Managing Barca

ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ဘဏ္ဍာရေး ပြသာနာများကိုု ကောင်းမွန်စွာ မှတ်တမ်းတင်ထားနိုင်ခဲ့ပေမယ့်လည်း UEFA ဘက်ကတော့ ဘာစီလိုနာအသင်းရဲ့ စာရင်းအင်းနဲ့ ပတ်သက်ပြီး ကျေနပ်စရာ မရှိသလို ဘာစီလိုနာက ဘဏ္ဍာရေးစည်းမျဉ်းများကို ချိုးဖောက်နေတယ်လို့ပါ ယုံကြည်နေပါတယ်။

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အမြတ်ငွေ စုစုပေါင်း ယူရို (၃၀၄)သန်းလို့ ကြေညာထားခဲ့ပေမယ့်လည်း UEFA ဘက်ကတော့ ဘောလုံးစီးပွားရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဝင်ငွေကိုသာ ခွင့်ပြုနိုင်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit : BNN Breaking

ဘာစီလိုနာအသင်းဟာ အနာဂတ် တီဗီရောင်းချမှုတွေ ၊ စီးပွားရေး အသုံးပြုခွင့်တွေ နဲ့ အခြားအားကစားပိုင်းဆိုင်ရာ ရောင်းချမှုတွေကနေ ဝင်ငွေတွေ ရရှိနေတာက ပြသာနာ ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Die Welt ရဲ့ ဆက်လက် ဖော်ပြချက်မှာ ဒီလို ဘဏ္ဍာရေး ပြသာနာတွေက ဘာစီလိုနာအသင်းကို UEFA ကနေ (၂)နှစ်မှ (၃)နှစ်အထိ တားမြစ် ပိတ်ပင်မှုတွေ ရှိလာနိုင်ပြီး ဒီနှစ် အစောပိုင်းမှာလည်း “သက်ဆိုင်ရာဝင်ငွေ” မဟုတ်သော အမြတ်အစွန်းများကို မှားယွင်းစွာ အစီရင်ခံခြင်းအတွက် ဘာစီလိုနာအသင်း ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။