ဘာစီလိုနာအသင်းကတော့ ဘရိုက်တန်အသင်းရဲ့ နည်းပြဖြစ်သူ ရောဘတ်တို ဒီဇာဘီအပြင် ဒီရာသီ ဘရိုက်တန်မှာ ခြေစွမ်းပြသလျက် ရှိနေတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဂျာအို ပတ်ဒရိုကိုပါ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဒီနွေမှ ဝက်ဖို့ဒ်အသင်းကနေ ဘရိုက်တန်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် ဒီရာသီထဲမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲ ပါဝင်ကစားထားကာ (၁၉)ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Mundo Deportivo

ကစားသမားဘဝအတွင်း အကောင်းဆုံးသော အခြေအနေတစ်ခုကို ရောက်ရှိနေတဲ့ ဂျာအို ပတ်ဒရိုကို ပရိးမီးယားလိဂ်က အသင်းကြီးတွေနဲ့ ဥရောပထိပ်သီး ကလပ်အသင်းတွေလည်း အပြိုင်စိတ်ဝင်စားလာကြပြီး အဲဒီထဲမှာ ဘာစီလိုနာအသင်းလည်း အပါအဝင် ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ဘရိုက်တန်ရဲ့ ကစားသမားတွေဖြစ်တဲ့ တောင်ပံကစားသမား မိတိုမာနဲ့ အခု တိုက်စစ်ကစားသမားလေး ဂျာအို ပတ်ဒရိုတို့ကို စိတ်ဝင်စားလျက် ရှိနေပြီး ဘရိုက်တန်မှာလည်း တစ်ရာသီ အငှားချထားတဲ့ အန်ဆူ ဖာတီပါ ရှိနေတာကြောင့် ဖာတီနဲ့ သူတို့ အလိုရှိနေတဲ့ ကစားသမား တစ်ဦးဦးနဲ့ အလဲအထပ်လုပ်ဖို့ပါ ကမ်းလှမ်းလာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

နောက်ပြီး ဘာစီလိုနာက ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာသွားတော့မယ့် နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်နေရာမှာပါ ဘရိုက်တန်နည်းပြ ဒီဇာကို ခေါ်ယူချင်နေတာဖြစ်လို့ တကယ်လို့ ဒီဇာဘီသာ ဘာစီလိုနာကို ကိုင်တွယ်ဖြစ်ရင် ဘရိုက်တန်က ကစားသမားတွေကို ဘာစီလိုနာအသင်းဆီ ခေါ်ဆောင်ဖို့ ရှိနေပြန်ပါတယ်။

ဒါပေမယ့် ဒီဇာဘီနဲ့ ဘရိုက်တန်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ ဘာစီလိုနာအနေနဲ့ ဒီဇာဘီကို လိုချင်ရင် စာချုပ်ဖျက်သိမ်းကြေး အမြောက်အများ ပေးချေရဖို့ ရှိနိုင်ပြီး ဂျာအို ပတ်ဒရိုကလည်း ဒီနွေမှ အသင်းကို ရောက်လာတဲ့ ကစားသမားဖြစ်လို့ သူ့ကို ခေါ်ယူဖို့ကလည်း ခက်ခဲနိုင်ပါတယ်။