စပါးအသင်းမှာ နည်းပြဟောင်းပိုချက်တီနို ကိုင်တွယ်နေစဉ်အတွင်းက အသင်းရဲ့နောက်တန်းမှာ ပွဲထွက်ကစားခွင့် အထိုက်အလျောက် ရရှိခဲ့တဲ့ အာဂျင်တီးနား နောက်ခံကစားသမား ဟွမ်ဖွိုက်က စပါးအသင်းကို စပယ်ရှယ်ဝမ်းနည်းပြ ဟိုဆေးမော်ရင်ဟို ပြောင်းလဲကိုင်တွယ်ချိန်မှာတော့ ဟွမ်ဖွိုက်ကို အသင်းရဲ့ ခံစစ်မှာ နေရာပေးတော့ခြင်းမရှိပဲ အရန်စာရင်းမှာတောင် ထည့်သွင်းခြင်းမရှိတော့ပေမယ့် လက်ရှိမှာ ထူးထူးခြားခြားအနေနဲ့ ဘာစီလိုနာအသင်းကနေ ဒီလို အသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ ဟွမ်ဖွိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွှယ် အာဂျင်တီးနားခံစစ်ကစားသမား ဟွမ်ဖွိုက်ဟာ၂၀၁၇ခုနှစ်မှ အာဂျင်တီးနားကလပ် အက်စတူဒီယန်းတက်စ်အသင်းကနေ စပါးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ ပိုချက်တီနိုနဲ့ လက်တွဲခဲ့ရတာဖြစ်လို့ အသင်းမှာ တဖြည်းဖြည်းနဲ့ နေရာရလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပိုချက်တီနို စပါးကနေ ထုတ်ပယ်ခံရပြီး သူရဲ့နေရာမှာ မော်ရင်ဟိုဝင်ရောက်လာချိန်မှာ ဟွမ်ဖွိုက်ဟာ နေရာပျောက်ဆုံးလာခဲ့ပြီး အရန်စာရင်းမှာပဲ ပါဝင်လာရခြင်းမရှိတော့ပဲ တွမ်ဂါဂါကပင် သူ့ထက် အသင်းမှာ နေရာပိုရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလို နေရာပျောက်ဆုံးနေတဲ့ ဟွမ်ဖွိုက်ကိုတော့ ဘာစီလိုနာအသင်းကနေ ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : GiveMeSport

နာမည်ကျော် စပိန်သတင်းမီဒီယာ Marca ကနေ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ နောက်ခံလူအမ်တီတီနဲ့ တိုဘီဒိုတို့ကို အသင်းကနေ ရောင်းထုတ်သွားဖွယ်ရှိနေတာကြောင့် သူတို့ရဲ့ နေရာမှာ အစားထိုးဖို့ ဟွမ်ဖွိုက်ကို ပစ်မှတ်ထားနေတာလို့ သိရပါတယ်။ ဒီရာသီမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးလို့နေပေမယ့် သူရဲ့ ရဲရဲရင့်ရင့် ကစားတတ်တဲ့ဟန်ပန်အပြင် သူရဲ့ကစားပုံတွေက ဘာစီလိုနာရဲ့ ကစားဟန်နဲ့ လိုက်လျောညီထွေမှုရှိတာကြောင့် ခေါ်ယူချင်နေတာလို့ Marca ကနေ ဖော်ပြထားခဲ့ပါတယ်။ အသက်အရွှယ်နဲ့ အတွေ့အကြုံကောင်းတွေ နည်းပါးနေသေးတာကြောင့် ဟွမ်ဖွိုက်ဟာ ပွဲအချို့မှာတော့ အမှားတွေကို ကျူးလွန်မိနေဆဲဖြစ်ပြီး မော်ရင်ဟိုကိုင်တွယ်ခဲ့ရတဲ့ နော်ရစ်ချ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အမှားကျူးလွန်မိခဲ့လို့ သူ့ကို မော်ရင်ဟိုက နောက်ပွဲတွေမှာ ပွဲထွက်ခွင့်မပေးတော့တာဖြစ်ပါတယ်။ စပိန်ဘာသာစကားကို ကောင်းကောင်းပြောဆိုတတ်တဲ့ ဟွမ်ဖွိုက်ရဲ့ လက်ရှိတန်ကြေးကတော့ ယူရို(၁၃.၅)သန်းခန့်လောက် ရှိနေပါတယ်။