စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ပရီးမီးယားလိဂ်ကလပ် လိဒ်ယူနိုက်တက်ရဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာကို သူတို့ရဲ့ နံပါတ်တစ် နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သတ်မှတ်ထားသလို ရာဖင်ညာကို ခေါ်ယူဖို့လည်း ကြိုးပမ်းနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာဟာ ၂၀၂၀ခုနှစ်ကမှ ပြင်သစ် လီဂူးဝမ်းကလပ် ရန်းနက်စ် ကနေ လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ဥရောပရဲ့ အသင်းကြီး တချို့က သူ့ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: Marca

ရာဖင်ညာဟာ တဦးချင်း ဘောလုံးစွမ်းရည် ပြည့်ဝတဲ့ ကစားသမား တဦး ဖြစ်သလို တကိုယ်ကောင်း မဆန်တာကြောင့်ပဲ ဘာစီလိုနာက အသင်းကနေ ထွက်ခွာတော့မယ့် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီရဲ့ နေရာအတွက် ရာဖင်ညာကို အစားထိုးမှု အဖြစ် ရှုမြင်နေတာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာဟာ သူနဲ့ ရာဖင်ညာရဲ့ အေးဂျင့်ဖြစ်သူ ဒေကိုတို့ ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကို အခွင့်ကောင်းယူကာ ရာဖင်ညာကို ခေါ်ယူဖို့ ကြိုးစားနေပြီး ရာဖင်ညာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် သုံးစွဲဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

Photo Credit: Marca

လိဒ်ယူနိုက်တက်ဘက်က သူတို့အသင်းရဲ့ အဓိက ကစားသမား ရာဖင်ညာကို လက်မလွှတ်ချင်ပေမယ့် ရာဖင်ညာကတော့ သူ့ရဲ့ ကစားသမားဘဝ တက်လမ်း အတွက် ဘာစီလိုနာလို ထိပ်တန်းအသင်းကြီး တသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိချိန်မှာ အသင်းပြောင်းဖို့ ဆန္ဒပြင်းပျနေကာ လိဒ်ယူနိုက်တက်အနေနဲ့ ရာဖင်ညာကို အသင်းမှာ နောက်ထပ် တရာသီ ဆက်ထိန်းထားဖို့ မလွယ်ကူကြောင်း လိဒ်ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဝန်ခံထားကြပါတယ်။