စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား စတာလင်းကို သူတို့အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်ဆုံး ၂ရာသီ ဆက်တိုက် ဖလားလက်မဲ့ ဘောလုံးရာသီတွေကို ဖြတ်သန်းခဲ့ရတာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေပြီး အသင်းမှာ ရှိတဲ့ အသုံးမလိုတဲ့ ကစားသမားတွေကို ရှင်းထုတ်ကာ ကစားသမားသစ်တွေကို ဝယ်ယူဖို့ စီစဉ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Mundo Deportivo

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ မန်ချက်စတာ စီးတီးအသင်း ကနေ လူငယ် ခံစစ်မှူး အဲရစ် ဂါစီယာနဲ့ ဝါရင့် တိုက်စစ်မှူး အဂူရိုတို့ကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားသလို အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အီမာဆန်ကို ဘက်တစ်အသင်း ကနေ ပြန်လည် ခေါ်ယူခွင့်နဲ့ ယူရို ၉သန်း ပေးချေကာ ခေါ်ယူပြီး အသင်းကို အင်အား ဖြည့်တင်းထားပါတယ်။ ဥရောပ နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာမယ့် အလားအလာတွေ ရှိနေတဲ့ စတာလင်းကို ခေါ်ယူချင်နေပြီး စတာလင်းကို ခေါ်ယူဖို့ လိုအပ်နေတဲ့ ငွေကြေးကို အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ အမ်တီတီ ၊ ကော်တင်ဟို ၊ ပီယာနစ်တို့ကို ရောင်းချကာ ရှာဖွေသွားမယ်လို့ သိရပါတယ်။

Photo Credit: Mundo Deportivo

တဖက်မှာလည်း မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ နွေရာသီ ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂရီးလစ်ချ်တို့ကို ခေါ်ယူရာမှာ UEFAရဲ့ နာမည်ကျော် ဘဏ္ဍာရေး စည်းမျဉ်းဖြစ်တဲ့ FFPနဲ့ မညိစွန်းအောင် အသင်းမှာ ရှိတဲ့ ကစားသမားတွေထဲက အချို့ကို ရောင်းချပြီး ငွေကြေး ရှာဖွေချင်နေကာ စတာလင်းဟာ သူတို့အသင်း ရောင်းချဖို့ စီစဉ်နေတဲ့ ကစားသမားတွေထဲက တဦး ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။ မန်ချက်စတာ စီးတီးအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ မန်ချက်စတာ စီးတီးအသင်းဟာ စတာလင်း အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၇၀သန်း ဝန်းကျင် အလိုရှိနေကြောင်း သိထားရပြီး ဘာစီလိုနာအသင်း ကတော့ စတာလင်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းခန့်သာ သုံးစွဲချင်နေတာကြောင့် နှစ်သင်းကြားမှာ ညှိနှိုင်းမှုတွေ လုပ်ဆောင်ရဖို့ ရှိနေပါတယ်။