ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ဟာ အကွာကြီး ဖြစ်ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂယ်ရီ လိုင်နီကာဟာ ဘာစီလိုနာအသင်းမှာ (၁၉၈၆) ခုနှစ်ကနေ (၁၉၈၉) ခုနှစ်အထိ ကစားခဲ့ပြီး ဘာစီလိုနာအသင်းအတွက် (၃) ရာသီခန့်ကြာ ကစားခဲ့တဲ့ အချိန်မှာ ဘာစီလိုနာအသင်းနဲ့ အတူ စပိန် ကိုပါဒယ်ရေးလ် ဆုဖလားကို (၁၉၈၇-၈၈) ခုနှစ်မှာ (၁) ကြိမ် ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား (၂) ယောက် ဖြစ်ပေမယ့်လည်း ဘယ်သူက ဘယ်သူ့ထက် ပိုကောင်းသလဲ ဆိုတဲ့ အဖြေက လူတိုင်းရဲ့ အမြင်မှာ အခုအချိန်အထိ ကွဲပြားဆဲပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘလွန်းဒီအော်ဆု (၆) ကြိမ် နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက ဘလွန်းဒီအော်ဆု (၅) ကြိမ် ရရှိခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဟောင်း လိုင်နီကာက မက်ဆီကို သမိုင်း တစ်လျှောက် အကောင်းဆုံးပါလို့ ပြောကြားသွားလိုက်ပါတယ်။

Photo Credit: Goal

လိုင်နီကာက “လူတွေက သူတို့ရဲ့ ဘဝမှာ ကြုံရသမျှကို စိတ်ဝင်စားကြပြီး အဲဒီအရာတွေထဲမှာ မက်ဆီ နဲ့ ရော်နယ်ဒို အကြောင်းလည်း ပါတယ်။ သူတို့နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ပြီ ဆိုရင် ဘာစီလိုနာအသင်း၊ ရီးရဲလ်အသင်း၊ ဂျုဗင်တပ်အသင်း၊ ဒါမှမဟုတ် ဘယ်အသင်းကို အားပေးလဲ ဆိုတာနဲ့ သက်ဆိုင်လာတယ်။ ဒါကို ကျွန်တော် နားလည်တယ်။ ကျွန်တော်လည်း ရော်နယ်ဒိုရဲ့ ပရိသတ် တစ်ယောက်ပါ။ ဒါပေမယ့်လည်း သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမားကို ပြောရမယ် ဆိုရင် ငြင်းခုံစရာ မလိုဘဲ မက်ဆီပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ အမြင်ပါ။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်က အကွာကြီးဘဲ မနီးစပ်ပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။