စပိန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ် ၊ ကွင်းလယ်လူ ဗီဒယ်နဲ့ နောက်ခံလူ အမ်တီတီတို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုတော့မယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။ စပိန်နိုင်ငံရဲ့ နာမည်အကြီးဆုံး အသင်းနှစ်သင်းထဲက တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာတော့ မကြုံဖူးလောက်အောင်ကို ဘဏ္ဏာရေး ကြပ်တည်းမှုနဲ့ ရင်ဆိုင် နေရပြီး အသင်းမှာ ရှိတဲ့ ကစားသမား အများစုကို လစာလျော့ဖို့ ကြိုးစားနေသလို နည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့တဲ့ ကစားသမားတွေကိုလည်း လုပ်ခလစာ သက်သာစေဖို့ အတွက် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ လုပ်ဆောင်နေတာပါ။

Photo Credit: Marca

လတ်တလောမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ရာကီတစ် ကို ဆီဗီးလားအသင်းထံ ရောင်းချထားပြီး အသင်းမှာ ရှိတဲ့ ဝါရင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဆွာရက်ဇ် ၊ ဗီဒယ်တို့ကိုလည်း အသင်းကနေ ထွက်ခွာခွင့် ပေးတော့မယ် လို့ သိရပါတယ်။ စပိန် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Cuatro ရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဖြစ်တဲ့ ဗီဒယ်ဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ စီးရီးအေကလပ် အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့တော့မှာ ဖြစ်သလို တိုက်စစ်မှူး ဖြစ်တဲ့ လူးဝစ် ဆွာရက်ဇ် ဟာလည်း စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားပြီးပြီ လို့ သိရှိထားရပါတယ်။

Photo Credit: Marca

ဒါ့အပြင် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Cadena Ser ရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာအသင်းဟာ အသက် ၂၆နှစ် အရွယ်သာ ရှိသေးတဲ့ အသင်းရဲ့ ပြင်သစ် ခံစစ်မှူး အမ်တီတီ ကိုပါ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ စီစဉ်နေကြောင်း သိထားရပါတယ်။ ဘာစီလိုနာအသင်းဟာ အမ်တီတီကို အရောင်းစာရင်း တင်ထားပေမယ့် လက်ရှိ စျေးကွက် အတွင်းမှာ အမ်တီတီကို ဝယ်ယူချင်တဲ့ အသင်းတွေ ရှိမနေသလို အမ်တီတီ ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းကနေ မထွက်ခွာချင်တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ သူ့ကို ရောင်းချရတာ ခက်ခဲ နေပြီး လက်ရှိမှာတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ စီစဉ်နေတာပါ။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ အဆိုပါ ကစားသမား ၃ဦးကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး ယူရို ၁၀၂ သန်းအထိ သုံးစွဲခဲ့ရပြီး လက်ရှိမှာ သူတို့ သုံးဦးစလုံးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုခဲ့ရတာဟာ ဘာစီလိုနာအသင်းအတွက် နစ်နာစရာပါပဲ။ တစ်ဖက်မှာလည်း ဆွာရက်ဇ် ၊ ဗီဒယ် တို့ဟာ ဘာစီလိုနာအသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားစာရင်းမှာ ပါဝင်နေတာကြောင့် သူတို့ကို အသင်းကနေ ထွက်ခွာခွင့်ပေးခြင်းဟာ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဏာရေး အခြေအနေ ကို ပိုမို အသက်ရှူချောင်စေတာကြောင့် ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်ဟာ အဆိုးအကောင်း ဒွန်တွဲနေတယ် လို့ သုံးသပ်ရမှာပါ။